arial" action="like" colorscheme="light">
Sunday, December 22, 2013
ကာယဗလအတွက် အသက်စွန့် သွားသူ
တရားကို မလွဲမသွေကြုံတွေ့ ကြ ရမည်ဖြစ်သည်။ လူတစ်ချို့ သည်လောကထဲသို့  အမှတ်တမဲ့လာပြီး
အမှတ်တမဲ့ပြန်ထွက်ခွာ သွားကြသလို၊ အချို့ သည် အမှတ်တမဲ့လေးလာပြီး အမှတ်တရများစွာ ချန်ထားပြီးထွက်ခွာ သွားတတ်ကြသည်။လူအချို့ ကတော့ ခမ်းနားစွာလူ့ လောကထဲ ရောက်လာကြပြီး
မထင်မရှားလည်း ထွက်ခွာသွားတတ်သလို ခမ်းနားထည်ဝါစွာ လောကထဲဝင်ရောက်လာပြီး ခမ်းနား
စွာပဲပြန်လည်ထွက်ခွာ သွားသူများလည်းရှိသည်။ဤကွဲပြားချက်များက ကတော့လူတစ်ယောက်၏
ဘ၀ပေးအခြေအနေ၊ နှင့် ဘ၀သက်တမ်းကို မွေးမြူရှင်သန်နေထိုင်မှု အပေါ်များစွာ မူတည်လေသည်။
ကျွန်တော် ဤဆောင်းပါးလေးတွင် တင်ဆက်ပေးမည့်သူကား လောကထဲသို့ အမှတ်တမဲ့လေး ၀င်ရောက်လာပြီး၊ အမှတ်တရများစွာ ချန်သွားခဲ့သော၊ ကျွန်တော်၏ဆရာသဖွယ်ဖြစ်သော၊ လူတကာ ကိုကူညီတတ်သော၊ ဘ၀တွင်မည်သို့ သော အခက်အခဲပင်ကြုံကြုံ မိမိဝါသနာပါသော အလုပ်ကို
သေသည်အထိ စွဲမြဲစွာမဆုတ်မနစ် လုပ်ဆောင်သွားသော ဆရာဦးအောင်ကြီး အကြောင်းပင်ဖြစ်
ပါသည်။
ပြန်လည်မှတ်မိ နေပါသေးသည်။ ၂၀၀၀-ခုနှစ်တွင် ကျွန်တော်ဆယ်တန်းအောင်ပြီး၊ နောက်ဝါသနာ
ပါသော ကာယဗလအားကစားကို လေ့လာလိုက်စားရန် အတွက်ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင် မြို့ နယ်
ရှိ Y.M.C.A တွင်သင်တန်းအပ်နှံပြီး စတင်လေ့ကျင့်မည့်နေ့ တွင် နည်းပြဆရာ၊ဦးကာစင်က ကျွန်တော့်
ကိုအခြေခံလေ့ကျင့်နည်းစနစ် များကိုစတင်သင်ပြ ပေးပါသည်။ထိုအချိန်က ဂျင်မ်ထဲတွင် Mr.crusher
ချန်ပီယံ ကိုဟိန်းထက်၊ကိုခင်မောင်ကျော်(လက်ရှိမြန်မာ့လက်ရွေးစင်မဟုတ်ပါ)၊ကိုကျွဲကြီး စသောလူ
ငယ်ချန်ပီယံများနှင့် စကားလက်ဆုံကျနေသော ဦးအောင်ကြီးက ကျွန်တော်လေ့ကျင့်ရာတွင် ပုံမကျ
သည်များကို စေတနာဖြင့်ပြုပြင်ပေးကာ နောက်နေ့ များတွင်လည်း စဉ်ဆက်မပြတ် ကူညီပေးခဲ့ပါသည်
ထိုအချိန်က ဆရာဦးကာဆင်၊ ဆရာဦးအောင်ကြီး၊ဆရာမြဦးမောင်(မောင်မြန်မာ) တို့ ၏နည်းပေးလမ်း
ပြမှုများကြောင့် ကျွန်တော်တို့ လူသစ်လေးများသည် ကာယဗလကိုအသေအလဲ စွဲလမ်းသူများဖြစ်
လာခြင်းဖြစ်ပါသည်။
အောက်ပိုင်းထိုင်ရာ တွင်အမြဲတမ်းအခက်တွေ့ တတ်သော ကျွန်တော့်ကို ပေါင်
ကြွက်သားအလွန်ကောင်းသော ဆရာဦးအောင်ကြီးက ပေါင်ကြွက်သားလေ့ကျင့်နည်း၊များကို အထူး
ဂရုပြုသင်ပြပေးကာ၊ ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားများကြီးထွားရန် မည်မျှအရေးပါကြောင်း ကို
ပါရှင်းလင်းသင်ပြပေးခဲ့ပါသည်။ ဦးအောင်ကြီးသည် ကျွန်တော်တစ်ဦးတည်းသာမက မည်သူ့ ကိုမဆို
ကာယဗလနှင့်ပါတ်သက်လျင် အချိန်မရွေး အပြည့်အ၀အကူအညီ ပေးခဲ့သည်ချည်းဖြစ်ပါသည်။
၂၀၀၈-ခုနှစ်၊ ပြည်နယ်နှင့်တိုင်း ကာယဗလ ပြိုင်ပွဲတွင် ကာယဗလပြိုင်ပွဲခွေ စတင်ရောင်းချစဉ်က
ဦးအောင်ကြီးသည် ကျွန်တော်လက်ဆောင်ပေးသည့် တစ်ခွေအပြင်နောက်ထပ်တစ်ခွေကို အားပေးဖြစ်အောင် အားပေးခဲ့ပါသည်။ ကျွန်တော်ဆောင်းပါးများ၊ စာအုပ်များကို မြန်မာဖစ်တနက်စ်
တွင်ရေးသားသော အခါလည်း၊ကျွန်တော့်ကိုအပြည့်အ၀ ထောက်ခံအားပေးခဲ့သူတစ်ဦးပါ။
ဆင်းရဲချမ်းသာ၊ ခွဲခြားမှုမရှိသလို လူမျိုးလည်းခွဲခြားမှုမရှိသော အားကစားသမားစစ်စစ် ကြီးတစ်ဦးဖြစ်
ပါသည်။
တစ်နေ့ ပြည်မြန်မာဂျာနယ်တွင်၊ ၀ိုင်အမ်စီအေ တွင်အသက်ခြောက်ဆယ့်ရှစ်နှစ် အရွယ်အမျိုးသား
တစ်ဦးအလေးမရင်း မတော်တဆဖြစ်ကာသေဆုံးဟု ရေးသားဖော်ပြထားသဖြင့် မည်သူမှန်းသိချင်
ခဲ့သော်လည်း ၀ိုင်ကိုမရောက်ဖြစ်ခဲ့ပါ။ မှုခင်းဂျာနယ် အတွဲ(၁၈)၊ အမှတ်(၁၆) တွင်မှ တာမွေမြို့ နယ်
တွင်နေထိုင်သူ ဦးအောင်ကြီးဟု သတင်းအတိအကျ ပါလာခဲ့ခြင်းဖြစ်သည်။
အားကစားသမားတစ်ယောက် အားကစားလေ့ကျင့်ရင်း မတော်တဆဖြစ်ကာ သေဆုံးသွားသော သတင်းကို အချိန်နှင့်တပြေးညီ တင်ဆက်မည့်မီဒီယာမရှိ၍လား၊ ကျွန်တော်တို့ ဝါသနာပါသော အားကစားကပဲ အိမ်နိမ့်စံအားကစား ဖြစ်နေ၍လားမသိပါ။ ကျွန်တော်တို့ ဦးအောင်ကြီး၏ ဈာပနကို မမှီခဲ့ပါ။ကျွန်တော့်မှာ ဆရာဦးအောင်ကြီး၏ အမှတ်တရ ဓါတ်ပုံတစ်ပုံမှ မရှိသော်လည်း ကျွန်တော်
တို့ ရင်ထဲမှာတော့ သေသည်အထိ ကာယဗလလေ့ကျင့်သွားသော၊ ကာယဗလကိုချစ်မြတ်နိုးသော
ဆရာဦးအောင်ကြီး၏ ပုံရိပ်များက ထာဝရ ရှင်သန်နေမည်မှာ အသေအချာ ပင်ဖြစ်ပါသည်။
လောကထဲသို့  အမှတ်တမဲ့ဝင်ရောက်လာပြီး၊ အားကစားနယ်ပယ်တစ်ခု၊ လူပေါင်းများစွာ၏
ရင်ထဲတွင်အမှတ်တရ ပေါင်းများစွာ ချန်ထားခဲ့သော၊ ၃-၁၂-၂၀၁၃ တွင် ကာယဗလလေ့ကျင့်ရင်း
ကွယ်လွန်သွားခဲ့သော ဆရာဦးအောင်ကြီး ကိုလေးစား၊လွမ်းဆွတ်လျက်----
ဆရာဦးအောင်ကြီးကောင်းရာသုဂတိလားပါစေသော်ဝ်။
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com
No comments:
Post a Comment