arial" action="like" colorscheme="light">
Thursday, April 25, 2013
ကာယဗလသမားများအတွက်လိုအပ်သောဗီတာမင်များ
ကျွန်တော်တို့  ကာယဗလ အားကစားသမားတွေ အတွက် အနေအထိုင် အစားအသောက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ လေ့လာသူတိုင်း သိပါတယ်။ နေ့စဉ် စားသောက်မှုမှာ အာဟာရ ဓာတ်စုံလင်အောင် စားနိုင်ဖို့ ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့်လည်း တစ်ဖက်တစ်လမ်းကနေ ဗီတာမင်နှင့် သတ္တုဓာတ်များကို စုံလင်စေရန် ဖြည့်စွက် အားဆေးလုံးတွေကို နေ့စဉ် မှီဝဲသင့်ပါတယ်။ ဒီဆောင်းပါးဟာ ၁၉၉၅ ခုနှစ်ထုတ် ဖလက် မဂ္ဂဇင်းပါ ဆောင်းပါးရှင် Bob Lefavi, နှင့် Timothy C. Fritz တို့ဧ။် ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ အဆိုပါ ဆောင်းပါးကိုရေးသားသူ Bob Lefavi,  သည် အမေရိကန်နိုင်ငံ ဂျော်ဂျီယာ ပြည်နယ်ရှိ ဆေးတက္ကသိုလ်တစ်ခု၌ လက်ထောက်ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်ပြီး 1990 IFBB North American bantamweight အတန်း၌ ချန်ပီယံ ဖြစ်ခဲ့သလို 1989 USA ၊ 1992 ပြည်တွင်း ပြိုင်ပွဲတို့၌ ချန်ပီယံ ဆုများ ဆွတ်ခူးနိုင်ခဲ့သူ တစ်ဦး ဖြစ်သည်။ ကာယဗလ သမားတွေ အတွက် မရှိမဖြစ် အရေးကြီးတဲ့ ဗီတာမင် (၁၀ )မျိုးကို ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ဗီတာမင်တွေဟာ ကျွှန်တော်တို့ လူသား တွေ အတွက် ဘယ်လောက်အရေးကြီးတယ် ၊ ဘယ်လောက်လိုအပ်တယ် ၊ ဘယ်လိုနေရာတွေမှာ ဘယ်လို အကျိုးပြုတယ် ဆိုတာ လူတော်တော်များများလည်း သိ၇ှိပြီး ဖြစ်ပါလိမ့်မယ်။ အရင်ကလည်း ကျွှန်တော် မြန်မာဖစ်တနက်စ်မှာ အာဟာရ ဗဟုသုတ ဆိုတဲ့ အမည်နှင့် အပိုင်း ( ၂ ) ပိုင်းခွဲ ပြီး ရေးသားပေးဖူးပါတယ်။ အဲဒီတုန်းကတော့ ဗီတာမင် အကြောင်းလေးကို ပြည့်ပြည့်စုံစုံလေး မဟုတ်တောင် တစ်ဖက်တစ်လမ်းကနေ သိသင့်သိထိုက်သလောက် အကျိုးပြု မယ်လို့ထင်ပါတယ်။ မဖတ်ရသေးသူများလည်း ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဒီဆောင်းပါးကတော့ ကာယဗလ သမားတွေအတွက် ပိုရည်ရွယ်တယ်လို့ ဆိုရလောက်အောင် ကာယဗလသမားများအတွက် ဗီတာမင် ( ၁၀ )မျိုးလို့ ဆိုရပါမယ်။ အဆိုပါ ဗီတာမင် (၁ ၀)မျိုးကို မပြောခင် ဗီတာမင်တွေရဲ့ စတင် ဖြစ်ပေါ်လာရာ သမိုင်းကြောင်းကို နည်းနည်းလေး နောက်ကြောင်းပြန်ကြည့်တာ ကောင်းပါတယ်။ဗီတာမင်များရဲ့ သမိုင်းဟာ လွန်ခဲ့သော နှစ်ပေါင်း ရာဂဏန်းလောက်ကတည်းက စတင်ခဲ့ပါတယ်။ အချို့သော ရောဂါတွေဟာ အစားအသောက်အမူအကျင့်နဲ့ သက်ဆိုင်ဖြစ်ပွါးတယ်ဆိုတာကို
တွေ့ရှိပြီးတဲ့နောက် မှာ ဗီတာမင်များဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့တစ်နေရာကနေ ပါဝင်လာခဲ့ပါတယ်။
ဗီတာမင်ရဲ့ အခြေခံကျတဲ့ စကားလုံးကို စတင်ရှာဖွေခဲ့သူက ပိုလန်နိုင်ငံသား Casimir Funk ဖြစ်ပါတယ်။  ကနဦးပိုင်းမှာတော့ vitamin လို့ မခေါ်ဆိုသေးပါဘူး။ မူရင်းစကားလုံးက vital amine ဖြစ်ပါတယ်။ vital ဆိုတာက ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အလွန်တရာမှ အရေးကြီးသောလို့  အဓိပ္ပါယ်ရပြီး amines ဆိုတာကတော့ နိုက်ထြိုဂျင်ပါဝင်တဲ့ ဒြပ်ပေါင်းကို ခေါ်ဆိုတာဖြစ်ပါတယ်။ နောက်ပိုင်း တွင်တော့  ဗီတာမင် အားလုံးဟာ amines အုပ်စု မဟုတ်ဘူးဆိုတာ သုတေသီများက တွေ့ရှိခဲ့တဲ့အတွက် vitalamine တွင် “e” ကိုဖြုတ်ပြီး vitamin လို့ ယနေ့ ထက်တိုင် ခေါ်ဝေါ်သမုတ်ခဲ့ကြပါတယ်။ ဗီတာမင်ဟာ အော်ဂန်းနစ် ဒြပ်ပေါင်းတစ်မျိုးပါ။ အော်ဂန်းနစ်ဆိုတာကတော့ ကာဘွန်ပါဝင်ဖွဲ့စည်းထားတဲ့  အရာဖြစ်ပါတယ်။  ဗီတာမင်မှာ ပါဝင်တဲ့ ကာဘွန်ဟာ အပူပေးလိုက်တဲ့အခါ ဓါတ်တိုးပျက်စီးပြီး ဗီတာမင် အာနိသင် လျော့ပါးပျောက်ဆုံးသွားနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်(mierals) မတူတဲ့ အချက်က သတ္တုဓါတ်တွေကတော့ အပူပေးလိုက်ပေမယ့် ပျက်ဆီးသွားခြင်း မ၇ှိပါဘူး။ ဒါကြောင့်မို့ ဗီတာမင်ပါဝင်တဲ့ အစားအစာတွေကို အပူရှိန်ပြင်းပြင်းနဲ့ မချက်ပြုတ်ဖို့  ပညာရှင်တွေက ပြောကြားထားခြင်းဖြစ်ပါတယ်။
ယနေ့ခေတ်မှာ ဗီတာမင် အရေအတွက်ပေါင်း ၁၃ မျိုးတွေ့ရှိပြီး ဖြစ်ပါတယ်။ သတ္တုဓါတ်များကတော့ အကြမ်းအားဖြင့် ၁၂မျိုးခန့် (သို့မဟုတ် ထို့ထက်ပို၍) ရှိပါတယ်။ ဗီတာမင်များကို အက္ခရာ အစဉ်လိုက်အတိုင်း အေ၊ဘီ၊စီ၊ဒီ၊အီး၊ကေ ဆိုပြီး အမည်ပေးထားကြပါတယ်။ အေ၊ ဒီ၊ အီး၊ ကေ ဗီတာမင်များက အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေ ဖြစ်ပြီး စီနဲ့ ဘီအုပ်စုကတော့ ရေမှာပျော်ဝင်တဲ့ အုပ်စုဖြစ်ပါတယ်။ အချို့ ဗီတာမင်များဟာ ဟော်မုန်းကဲ့သို့လည်းကောင်း၊ အချို့မှာ အင်ဇိုင်းများကို
ကူညီသည့် အကူအင်ဇိုင်းအသွင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ပေးလျက်ရှိပါတယ်။  ကာယဗလ သမားတွေ အတွက် မရှိမဖြစ် ဗီတာမင် ( ၁၀ )မျိုးကိုဖော်ပြပေးရရင်တော့----
(၁)။ Biotin
ဒီ ဗီတာမင်ဓာတ်ဟာ ကာယဗလ သမားတွေအတွက် ခုခံအားကိုကောင်းစေကြောင်းဖော်ပြထားပါတယ်။  ဒီဗီတာမင်ကို ဘိုင်အိုတင် (Biotin) ဟူ၍ ခေါ်ဆိုလေ့ရှိပါတယ်။ ရှေးယခင်ကတော့ Vitamin H လို့ ခေါ်ဆိုခဲ့ဖူးပါတယ်။ H ဆိုတာကတော့ ဂျာမန်စကားလုံး haar und haut  ဆိုတာကို ကိုယ်စားပြုတာ ဖြစ်ပြီး “ဆံပင်နှင့် အရေပြား”HံHလို့ အဓိပ္ပါယ်ဆောင်ပါတယ်။ ကြက်ဥ မှာ အဆိုပါ ဓာတ်များပါဝင်ပြီး ကာယဗလသမားတွေ အနေနဲ့ ကြက်ဥ အစိမ်းလိုက် သောက်ခြင်းဟာ အဆိုပါ အကျိုးကျေးဇူးကို မရစေပါဘူး။ ကြက်ဥမှာ ဘိုင်အိုတင်ဓါတ်ပါ ၀င်တယ်ဆိုပေမယ့် အစိမ်းလိုက် သောက်မယ်ဆိုရင်တော့ ကြက်ဥမှာပါဝင်တဲ့ avidin ဆိုတဲ့ ပရိုတင်းတစ်မျိုးဟာ အူထဲမှာ ဘိုင်အိုတင် စုပ်ယူမှုကို လျော့ကျစေနိုင်ပါတယ်။ ဒါပေမယ့် ကြက်ဥကို ကျက်အောင်ချက်လိုက်မယ်ဆိုရင်တော့ အဲဒီပရိုတင်းပြိုကွဲသွားပြီး ပုံမှန်အတိုင်း ဘိုင်အိုတင်ဓါတ်ကို ကောင်းစွာ စုပ်ယူနိုင်မှာဖြစ်ပါတယ်။ အစာအာဟာရ မျှတအောင် မစားတဲ့သူတွေ၊ အတက်ကျဆေးတွေ စွဲသောက်နေရတဲ့သူတွေမှာ ဘိုင်အိုတင် ဓါတ် လျော့နည်းနိုင်ပါတယ်။ဘိုင်အိုတင်ချို့တဲ့မယ်ဆိုရင် ဆံပင်တွေပါးမယ်၊ ကျွတ်မယ်၊ အရောင်တွေမွဲခြောက်နေပါမယ်။ အရေပြားဟာလည်း အနီစက်တွေပေါ်ပြီး အရေပြား ကျန်းမာရေးကို ပျက်စီးစေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ပျို့တာ၊ အန်တာ၊ ထုံကျင်တာ၊ ခုခံအားတွေကျဆင်းလာတာတွေ ခံစားရတတ်ပါတယ်။
( ၂)။ ဗီတာမင် ဘီတူး
ဗီတာမင် ဘီတူး ဟာ ကာယဗလ သမားတွေ အတွက် ခန္ဓာကိုယ်အတွင်း ပရိုတင်းဖြစ်စဉ်တွေ တည်ဆောက်ရာမှာ ပါဝင်သလို ခန္ဓာကိုယ်ထုထည် နှင့် သန်မာမှုအတွက် အကျိုးပြုပါတယ်။ဗီတာမင်ဘီတူး ချို့တဲ့ရင် ကျီးကန်းပါးစပ်နာ ဖြစ်ရုံသာမက အရေပြားနဲ့ မျက်လုံး ပူလောင်သလို ခံစားရတာတွေ၊ ခေါင်းကိုက်တာ၊ သတိမေ့လွယ်တာ၊ သွေးအားနည်းတာတွေ အစရှိတာတွေ ခံစားရတတ်ပါတယ်။ သာမန်အားဖြင့်တော့ ဗီတာမင်ဘီတူး ချို့တဲ့ တာကို တွေ့ရခဲပါတယ်။ ဘာလို့လဲဆိုတော့ ဗီတာမင်ဘီတူးဟာ အစားအစာတော်တော်များများမှာ ပါဝင်နေလို့ပါပဲ။ နွားနို့နဲ့ အခြားနို့ထွက်ပစ္စည်းတွေ၊ ပေါင်မုန့်၊ ဂျုံ၊ ကြက်ဥ၊ အသားငါး၊ ဟင်းသီးဟင်းရွက်နဲ့ ပဲတောင့်ရှည် အမျိုးမျိုးမှာ ဗီတာမင် ဘီတူး ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမယ့် တစ်ခုသတိပြုရမှာကတော့ ဗီတာမင်ဘီတူးဟာ အလင်းရောင် အထိမခံနိုင်တဲ့ ဗီတာမင်ပဲ ဖြစ်ပါတယ်။ ဥပမာ နွားနို့ ကဲ့သို့သော  အရာတွေကို ခွက်ထဲသေချာဖုံးအုပ် ထည့်ထားပြီး အလင်းရောင်မရှိတဲ့ နေရာမှာ စနစ်တကျသိမ်းဆည်းထားမှသာ ဗီတာမင်ဘီတူးဓါတ်များ မပျက်စီးဘဲ ရှိနေနိုင်ပါလိမ့်မယ်။
 ဗီတာမင်ဘီတူးကို အစာလမ်းကြောင်းကနေ အကန့်အသတ်နဲ့သာ စုပ်ယူတဲ့အတွက် ခန္ဓာကိုယ်မှာ ဘီတူးပမာဏ ပိုလျှံပြီး ဘေးဥပဒ် ဖြစ်စေတာမျိုး မရှိနိုင်ပါဘူး။ တစ်နေ့တာ ဘီတူးလိုအပ်ချက်ပမာဏကတော့ ၁.၈ မီလီဂရမ်ပဲ ဖြစ်ပါတယ်။
( ၃ )။ဗီတာမင် အေ
တစ်နည်းအားဖြင့် ဗီတာမင် အေဟာ အမြင်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ အကျိုးပြုပါတယ် ထို့အပြင် ဗီတာမင်အေ ဟာ ကာယဗလ သမားတွေ အတွက် ပရီုတင်းဖြစ်စဉ်များ ၊ ကြွက်သားကြီးထွားမှု ဖြစ်စဉ်များ နှင့် ဂလိုက်ကိုဂျင် ထုတ်လုပ်မှု ၊ ခန္ဓာကိုယ် စွမ်းအင် ထိန်းသိမ်း ထားနိုင်မှု အပိုင်းများတွင် အရေးပါနေပြီး ဗီတာမင် အေ ရဲ့ အခြား အကျိုးကျေးဇူးတွေက လည်း အများအပြားပါ။ဗီတာမင်အေဟာ ကျောရိုးရှိသတ္တ၀ါတိုင်းအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ အမြင်အာရုံအားကောင်းဖို့၊ မျိုးပွါးခြင်းတာဝန်ထမ်းဆောင်နိုင်ဖို့၊ သန္ဓေသားဖွံ့ဖြိုးမှု၊ ဆဲလ်နှင့်တစ်ရှုးများ အဆင့်ဆင့် အသွင်ပြောင်းလဲမှုနှင့် လူ့ကိုယ်ခံအားစနစ် ကောင်းမွန်မှုအတွက် ဗီတာမင်အေကို လိုအပ်ပါတယ်။ ၁၉၀၀ ခုနှစ်အစောပိုင်းတွင် Mccollum နှင့် ပူးတွဲလုပ်ဆောင်သူပညာရှင် တစ်စုက ဗီတာမင်အေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အီဂျစ်နိုင်ငံမှာတော့ ဒီထက်ပိုရှေးကျစဉ်ကတည်းကကြက်မျက်သင့်ရောဂါကိုဗီတာမင်အေကြွယ်ဝတဲ့နွားအသည်းများကျွေးပြီး ကုသခဲ့ကြပါတယ်လို့ ဆိုထားပါသေးတယ်။ အစားအစာကနေ ရရှိတဲ့ ဗီတာမင်အေကို အုပ်စု ၂စုခွဲထားပါတယ်။ တိရစ္ဆာန်မှ ရရှိတဲ့ ဗီတာမင်အေ(retinol)နှင့် ဟင်းသီးဟင်းရွက်မှရရှိတဲ့ ကနဦးဗီတာမင်အေ(beta-carotene, alpha-carotene) တို့ဖြစ်ပါတယ်။ retinol ကို တိရစ္ဆာန် တို့၏ အသည်းတွင် များစွာတွေ့ရလေ့ရှိပြီး နွားနို့ ၊ ထောက်ပတ်၊ ကြက်ဥနှစ်၊ ငါးကြီးဆီ အစရှိသည်တို့ တွင်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ အစိမ်းရောင်ရှိ ဟင်းသီးဟင်းရွက်များ၊ အာလူး၊ မုန်လာဥနီ၊ ဖရုံသီးအစရှိတဲ့ အ၀ါရောင်နှင့် အနီရောင်ရှိ သစ်သီးသစ်ဖုများတွင်တော့ ဗီတာမင်အေ မဖြစ်သေးခင်အဆင့်ရှိတဲ့ b-carotene, a-carotene တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ beta-carotene ကို ကျွန်တော်တို့ ခန္ဓာကိုယ်က ချက်ချင်းအသုံးမပြုနိုင်သေးပါဘူး၊ အသုံးပြုလို့ ရနိုင်တဲ့ ဗီတာမင်အေ အဆင့်ကို လူ့အသည်းကနေ ပြောင်းလဲပေးပြီးမှ အသုံးပြုလို့ ရပါတယ်။ ဗီတာမင်အေဟာ ချက်ပြုတ်လိုက်ခြင်းကြောင့် အလွယ်တကူ ပျက်စီးနိုင်ခဲပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ် အစာလမ်းကြောင်းဟာ စားသုံးလိုက်သော ဗီတာမင်အေများကို အသည်းဆီပို့ ဆောင်ပြီး ချက်ချင်းအသုံးပြုပါတယ်။ အကယ်၍ ပိုလျှံနေမယ်ဆိုရင်တော့ အသည်းထဲမှာပဲ ဗီတာမင်အေကို သိမ်းဆည်းထားပေးပြီး လိုအပ်တဲ့ အချိန်မှာ ပြန်လည် ထုတ်ပေးပါတယ်။ ဗီတာမင်အေ ၉၀% လောက်ကို ကျွန်တော်တို့ လူတွေရဲ့ အသည်းမှာ ၆လကနေ တစ်နှစ်ကြာအောင် သိမ်းဆည်းထားပေးနိုင်ပါတယ်။ ဗီတာမင်အေ ချို့တဲ့ပါက ကြက်မျက်သင့်ခြင်း၊ မျက်ကြည်လွှာ ခြောက်ကပ်ခြင်း၊ မျက်ကြည်လွှာတွင် အနာဖြစ်ခြင်း၊ ကလေးငယ်များတွင် မျက်စိကွယ်ခြင်း အစရှိတာတွေဖြစ်နိုင်ပါတယ်။ အရေပြားအပေါ်ယံလွှာပျက်စီးပြီး ကြက်ဆူးများ ပေါ်လာတတ်ပါတယ်။ တခါတရံ ၀က်ခြံများပါ ပေါက်လာပြီး အရေပြားအလှကို ပျက်ဆီးစေနိုင်ပါတယ်။ ဗီတာမင်အေချို့တဲ့ မှုကြောင့် အသက်ရှုလမ်းကြောင်း၊ ဆီးလမ်းကြောင်း အစရှိတာတွေမှာ epithelium လို့ခေါ်တဲ့ အပေါ်ယံ အရေပြားဆဲလ်အလွှာပျက်စီးခြင်းကြောင့် ရောဂါပိုးများ အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် ဗီတာမင်အေကို (anti-infection vitamin) ရောဂါဆန့်ကျင် ဗီတာမင်ဟု တင်စားခေါ်ဆိုလေ့ရှိပါတယ်။ သုတေသနပြုချက်တွေအရ ဗီတာမင်အေဟာ အမျိုးသမီးများတွင် ဖြစ်ပွါးလေ့ရှိတဲ့ သားအိမ်ခေါင်း ကင်ဆာ  ဖြစ်ပွါးနှုန်းကို လျှော့ချပေးပါတယ်။ အမေရိကန်အနောက်တောင်ပိုင်း Arizona ပြည်နယ်တွင်လည်း အရေပြား ကင်ဆာဖြစ်ဖို့ အလားအလာ ရှိတဲ့ လူပေါင်း နှစ်ထောင်ကျော်အနက် ဗီတာမင်အေ ဖြည့်စွက်စားသုံးစေတဲ့  လူတွေမှာ ဗီတာမင်အေ မစားသုံးသူတွေထက် အရေပြားကင်ဆာဖြစ်ပွါးမှုကို နည်းပါးစေကြောင်း တွေ့ရှိရပါတယ်။ ဒ့ါအပြင် ဘီတာကယ်ရိုတင်း ကြွယ်ဝတဲ့ အသီးအနှံတွေ စားသုံးခြင်းကြောင့် ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေ ဖြစ်ပေါ်မှု နည်းပါးသွားတာကိုလည်း တွေ့ရှိရပါသေးတယ်။
ကမ္ဘာတ၀ှမ်းမှာ ပရိုတင်းဓါတ်ချို့တဲ့မှုပြီးလျှင် ဗီတာမင်အေချို့တဲ့မှုဟာ ဒုတိယနေရာက လိုက်နေတဲ့ အာဟာရချို့တဲ့မှု ရောဂါပဲဖြစ်ပါတယ်။ ကျွမ်းကျင်သူပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ကမ္ဘာပေါ်မှာ လူတစ်သန်းမှ ငါးသန်းခန့်ဟာ ဗီတာမင်အေ ချို့တဲ့ရောဂါ ခံစားနေရတယ်လို့ ဆိုထားပါတယ်။ အများစုမှာ ကလေးငယ်များဖြစ်ပြီး ၎င်းတို့အထဲမှ နှစ်သိန်းကျော်ခန့်ဟာ မျက်စိကွယ်တဲ့ 
ဝေဒနာ ခံစားနေရပါတယ်။ စစ်တမ်းများအရ ဗီတာမင်အေချို့တဲ့မှုကြောင့် ကလေးငယ်များတွင် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများ နှင့် ၀မ်းပျက်ဝမ်းလျှောရောဂါများ ခံစားနေရပြီး ဗီတာမင်အေ လုံလုံလောက်လောက် ဖြည့်စွက်စားသုံးနိုင်တဲ့ ကလေးတွေမှာတော့ ၀က်သက်ရောဂါမှတဆင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တားဆီးပေးထားနိုင်ပါတယ်။ လူလတ်ပိုင်းအရွယ် တစ်ယောက်နေနဲ့ ဗီတာမင်အေ တနေ့ တာလိုအပ်ချက်မှာ 5000IU ဖြစ်ပါတယ်။ IU ဆိုတာကတော့ International unit ရဲ့ အတိုကောက်စာလုံးဖြစ်ပြီး အချို့သော ဗီတာမင်နှင့် ဆေးဝါးများရဲ့ ပမာဏကို တိုင်းတာရန် အတွက်အသုံးပြုပါတယ်။ ဗီတာမင်အေ ၁ ယူနစ်ဟာ retinol ၀.၃ မိုက်ခရိုဂရမ်၊ beta carotene ၀.၆ မိုက်ခရိုဂရမ်နဲ့ညီမျှပါတယ်။ ဗီတာမင်အေဆေးဝါးများကိုလိုအပ်သည့်ပမာဏထက်ပိုမိုပြီး ရေရှည်သုံးစွဲပါက အသဲ၊ အရိုးများကို ထိခိုက်စေမယ်၊ ဆံပင်ကျွတ်ခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းများဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်သည်များတွင် ဗီတာမင်အေ ကြွယ်သော အသည်းနှင့် နို့ ထွက်ပစ္စည်းများ အလွန်အအကျွံစားသုံးပါက အခန့်မသင့်ရင် သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်၊ ဒါပေမယ့် အသီးအရွက်မှ ရတဲ့ ကနဦး ဗီတာမင်အေ တဖြစ်လဲ ဘီတာကာရိုတင်း ကတော့ သန္ဓေသားကို မထိခိုက်စေနိုင်ပါဘူး။
( ၄ )ဗီတာမင် အီး
( ၅ )။Vitamin B3
            ဗီတာမင်ဘီသရီးကို နိုင်ရာစင်(niacin) သို့မဟုတ် နစ်ကိုတင်းနစ်အက်ဆစ်(nicotinic acid) လို့လည်း ခေါ်ဝေါ်နိုင်ပါတယ်။ နိုင်ရာစင်ဓါတ်ချို့တဲ့မယ်ဆိုရင် ပီလာဂယာ (Pellagra) လို့ခေါ်တဲ့ ရောဂါတစ်မျိုး ခံစားရနိုင်ပါတယ်။ ပီလာဂယာဆိုတဲ့ စကားလုံးဟာ အီတလီဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး “ကြမ်းတမ်းသော အရေပြား”လို့ အဓိပ္ပါယ်ရပါတယ်။ ဒီရောဂါကို ၁၇၃၅ ခုနှစ်အတွင်း စပိန်သမားတော်တစ်ဦးက ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပီလာဂယာဆိုတာ ရောဂါသုံးခုစုပေါင်းထားခြင်းပါ။ 3D လို့ အတိုကောက် မှတ်သားလေ့ရှိပါတယ်။ ဘာတွေလဲဆိုတော့ Dermatitis လို့ခေါ်တဲ့ အရေပြားရောင်ယမ်းတာ၊ diarrhea လို့ခေါ်တဲ့ ၀မ်းလျှောတာ၊ Dementia လို့ခေါ်တဲ့ သတိမေ့လျော့ မှတ်ဥာဏ်ချို့ယွင်းတာတွေပဲ ဖြစ်ပါတယ်။ မကုသဘဲ ထားပါက အသက်သေဆုံးခြင်းအဆင့်ထိ ဖြစ်စေနိုင်ပါတယ်။ပီလာဂယာရောဂါလက္ခဏာ(taken from Kumar & Clark’s Textbook)၁၉၃၇ ခုနှစ်ရောက်ရှိမှပဲ နိုင်ရာစင်ဟာ ပီလာဂယာရောဂါကို ကုသနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ပီလာဂယာရောဂါဖြစ်မယ်ဆိုရင်အရေပြားဟာအက်ကွဲယောင်ယမ်းနေပါမယ်။နေရောင်ခြည်နဲ့ထိတွေ့တဲ့နေရာတွေမှာအရောင်တွေပြောင်းလဲလာပါမယ်။ ပါးစပ်နဲ့ အစာလမ်းကြောင်း တလျှောက်မှာရှိတဲ့ အပေါ်ယံလွှာ ရောင်ယမ်းပျက်စီးပြီး သွေးယိုစီးမှု ဖြစ်စေနိုင်ပါတယ်။အရက်သောက်တဲ့သူတွေနဲ့ ပြောင်းဖူးတစ်မျိုးတည်းကိုသာ အခြေခံစားသုံးတဲ့ အာဖရိက၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေမှာ နိုင်ရာစင် ချို့တဲ့တာတွေကို အများဆုံး တွေ့ရှိရတတ်ပါတယ်။နိုင်ရာစင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသား၊ ငါး၊ ဒိန်ချဉ်၊ အာလူး၊ ပဲနီလေး အစရှိတာတွေဖြစ်ပါတယ်။ မှိုဟာလည်း နိုင်ရာစင် ပေါများတဲ့ အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။ တစ်နေ့တာ နိုင်ရာစင် လိုအပ်ချက်ကတော့ ၂၀ မီလီဂရမ်ဖြစ်ပါတယ်။ တကယ်လို့ ပီလာဂယာ ရောဂါကို ကုသဖို့ဆိုရင်တော့ နိုင်ရာစင် လိုအပ်ချက်ဟာ ပုံမှန်ထက် ဆယ်ဆ၀န်းကျင်ခန့် များပြားနေနိုင်ပါတယ်။ အစားအစာကနေ ရရှိတဲ့ နိုင်ရာစင်ဓါတ်ဟာ လိုအပ်တာထပ် ပိုမို စားသုံးမိပေမယ့်လည်း ဘေးထွက်ဆိုးကျိုး မရှိစေနိုင်ဘူးလို့ ဆိုပါတယ်။ ယနေ့ခေတ် လေ့လာချက်များအရ နိုင်ရာစင်ဖြည့်စွက်ဆေးဝါးများဟာလည်း အဆီကျစေနိုင်တယ်လို့ အဆိုပြုထားလျက်ရှိပါတယ်။
( ၆ )။ဗီတာမင်ဒီ
ဗီတာမင်ဒီဟာ အရိုးပျော့ရောဂါ မဖြစ်ပွါးစေရန် တားဆီးပေးသော ဗီတာမင်ဖြစ်ပါတယ်။ ကလေးငယ်များတွင် rickets ဟုခေါ်သည့် အရိုးပျော့ရောဂါဖြစ်ပွါးမှုကို ၁၆၄၅ ခုနှစ်ကတည်းက စတင်တွေ့ရှိ ရေးသားခဲ့ပါတယ်။ စက်မှုတော်လှန်ရေးခေတ်ကာလ တွင် မြောက်ဥရောပ၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံရှိ လေထုညစ်ညမ်းပြီး နေရောင်ခြည်နည်းပါးသော မြို့ပြဒေသများတွင်
အရိုးပျော့ရောဂါဟာ ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် နေရာယူလာခဲ့ပါတယ်။ ဗီတာမင်ဒီကို မတွေ့ရှိခင်ကတော့ ဒီအရိုးပျော့ရောဂါဟာ မျိုးရိုးကြောင့်ဖြစ်သလော၊ ကာလသားပိုးရောဂါကြောင့် ဖြစ်သလော စသည်ဖြင့် သို့လောသို့လော တွေးခဲ့ကြပါတယ်။ ၁၈၈၆ ကနေ ၁၈၉၀ ခုနှစ်ကာလအတွင်းမှာတော့ အရိုးပျော့ရောဂါဟာ ကိုယ်ခန္ဓာကို နေရောင်ခြည်ထိတွေ့တာ နည်းပါးမှုနှင့် ဆက်စပ်နေတယ်ဆိုတာကို တွေ့ရှိလာကြပါတယ်။ ၁၉၁၉ ခုနှစ်တွင် အရိုးပျော့ရောဂါကို ကုသဖို့ နေရောင်ခြည်နှင့် ထိတွေ့ရန် လိုအပ်ကြောင်းကို ထုတ်ဖော်ရေးသားခဲ့ကြပါတယ်။ ယင်းနှစ်အတွင်းမှာပဲ ဗြိတိန်ဆရာဝန် Edward Mellanby ဆိုသူက ခွေးငယ်လေးများတွင် ငါးကြီးဆီကျွေးပါက အရိုးပျော့ရောဂါကို ကာကွယ်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ငါးကြီးဆီမှာ ဗီတာမင်အေပါဝင်တာမို့ ဗီတာမင်အေက အရိုးပျော့ရောဂါအတွက် ကာကွယ်ကုသနိုင်တယ်လို့ ထိုစဉ်ကာလက ယူဆခဲ့ပါတယ်။ ၁၉၂၂ ရောက်ခါမှ ဗီတာမင်အေကြောင့်မဟုတ်၊ အခြားဗီတာမင် တစ်ခုကသာ အရိုးပျော့ခြင်း မဖြစ်စေအောင် ကာကွယ်နိုင်တယ်ဆိုတာ သိရှိခဲ့ကြပါတယ်။ လေးခုမြောက် ဗီတာမင်ဖြစ်တဲ့အတွက် အင်္ဂလိပ်အက္ခရာ အစဉ်လိုက်အတိုင်း ဗီတာမင်ဒီဟု အမည်ပေးခဲ့ကြပါတော့တယ်။ ဗီတာမင်ဒီဟာ အခြားဗီတာမင်များကဲ့သို့ အစားအာဟာရတွင် ပါဝင်ရုံသာမက နေရောင်ခြည်အကူအညီဖြင့် ကျွန်တော်တို့ ခန္ဓာကိုယ်က ဖွဲ့စည်းနိုင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်ဒီဟာ အစာလမ်းကြောင်းမှာ ကယ်လ်စီယမ်စုပ်ယူမှုကို အားပေးပါတယ်။ အရိုးဖွဲ့စည်းတည်ဆောက် သန်မာစေရန် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဗီတာမင်ဒီ ထုတ်ယူအသုံးပြုဖို့ အတွက် ကျွန်တော်တို့ လူတွေရဲ့ အရေပြား၊ အသည်း၊ ကျောက်ကပ်တွေက အဓိကကျ တာဝန်ယူထားပါတယ်။ လူကြီးအရွယ်ပိုင်းတွင် ဗီတာမင်ဒီ ချို့တဲ့မှုဟာ ရှားပါးသော်လည်း အဆီကိုမစုပ်နိုင်သော ရောဂါများရှိပါက ဗီတာမင်ဒီချို့တဲ့ပြီး အရိုးပျော့တာ၊ အရိုးပွတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးငယ်များတွင်တော့ ဗီတာမင်ဒီဓါတ် လျော့နည်းမယ်ဆိုရင် အရိုးပျော့လာပြီး ဒူးခေါင်းဟာ ခန္ဓာကိုယ် အလေးချိန်ကို ကောင်းစွာမထိန်းနိုင်တော့ဘဲ ရာသက်ပန်လုံး လေးကိုင်းပုံစံ ဒူးခွင်ခွင်လေး ဖြစ်စေတတ်ပါတယ်။ ဒါကို bowed legs လို့ ခေါ်ပါတယ်။ ဒါကြောင့် ကလေးငယ်များမှာ ဗီတာမင်ဒီ မချို့တဲ့စေဖို့ အထူးသတိပြုသင့်လှပါတယ်။ ဗီတာမင်ဒီကြွယ်ဝတဲ့ အဓိကအစားအစာတွေက နွားနို့နှင့် နို့ ထွက်ပစ္စည်းများ၊ ကြက်ဥနှစ်၊ ထောပတ်၊ အသည်း အစရှိတာတွေ ဖြစ်ပါတယ်။ နွားနို့ တစ်ဖန်ခွက်သောက်ရင် ဗီတာမင်ဒီ 100 IU ခန့်ရနိုင်ပါတယ်။ နုနယ်တဲ့ မနက်ခင်း နေရောင်ခြည်ကို တစ်ကြိမ်လျှင် ၁၀ မိနစ်မှ ၁၅မိနစ်ခန့်ဖြင့် တပတ်လျှင် သုံးကြိမ်ခန့် ထိတွေ့ခံယူသင့်ပါတယ်။ ဗီတာမင်ဒီ တစ်နေ့တာလိုအပ်ချက်ကတော့ ၄၀၀ IU ဖြစ်ပါတယ်။ ဗီတာမင်ဒီ တစ်ယူနစ်ဟာ ၀.၀၂၅ မိုက်ခရိုဂရမ်နှင့် ညီမျှပါတယ်။ အသက် ၅၀ ကျော်လာပြီဆိုရင်တော့ တစ်နေ့တာ ဗီတာမင်ဒီ လိုအပ်မှုပမာဏဟာ ပိုပြီး များပြားလာပါတယ်။ ဒါကြောင့် အရိုးအဆစ်မြစ်များ ကျန်းမာသန်စွမ်းစေရန် ဗီတာမင်ဒီ ပြည့်ဝတဲ့ အစားအစာတွေကို ပိုမိုစားသုံးပေးဖို့ လိုအပ်လာပါပြီ။ သုတေသနပြုချက်များအရ ဗီတာမင်ဒီဟာလည်း ဆီးချိုရောဂါမဖြစ်ပွါးအောင် တားဆီးနိုင်တယ် ဆိုတာကိုလည်း ဆက်စပ်တွေ့ရှိထားပါတယ်။ ဗီတာမင်ဒီဟာ ပုံမှန်အင်ဆူလင်ထုတ်ယူမှုအတွက် အရေးကြီးတဲ့ အခန်းက ပါဝင်ပါတယ်။ ဗီတာမင်ဒီဓါတ်လျော့နည်းမယ်ဆိုရင် အင်ဆူလင်ထုတ်လုပ်မှု ကမောက်ကမဖြစ်ပြီး ဆီးချိုဖြစ်ဖို့ အလားအလာရှိတယ်လို့လည်း ဆိုထားကြပါတယ်။
( ၇ )။ဗီတာမင် ဘီ ဆစ်
ဗီတာမင်ဘီစစ်ဟာ သွေးနီဥ ဖွဲ့စည်းရာတွင် ကူညီထမ်းဆောင်ပေးပါတယ်။ အာရုံကြောအချက်အလက်များ များအတွက် အရေးပါသလို အမိုင်နိုအက်စစ် ဖွဲ့စည်းဖို့အတွက်လည်း ဗီတာမင်ဘီစစ်ကို လိုအပ်ပါတယ်။ တစ်နေ့တာ လိုအပ်ချက်ကတော့ ၂ မီလီဂရမ်မျှ ဖြစ်ပြီး လူသားတွေမှာ ချို့တဲ့တာကို သိပ်မတွေ့ရှိရတတ်ပါဘူး။ ဗီတာမင်ဘီစစ် ချို့တဲ့မယ်ဆိုရင်တော့ ခန္ဓာကိုယ်အစိတ်အပိုင်းများရဲ့  အပေါ်ယံအလွှာတွေ  ပျက်စီးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ ဖြစ်ပွါးဖို့ အလားအလာများတယ်လို့လည်း ဆိုထားပါသေးတယ်။ တစ်နှစ်အောက် ကလေးငယ်တွေမှာတော့ ဗီတာမင်ဘီစစ်ချို့တဲ့မယ်ဆိုရင် ၀မ်းလျှောတာ၊ တက်တာ၊ သွေးအားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။ တီဘီဆေးသောက်နေတဲ့ လူနာတွေမှာ ဘီတာမင်ဘီစစ် ချို့တဲ့ နိုင်ပါတယ် ဗီတာမင်ဘီစစ်ဖြည့်စွက်ဆေး ပမာဏများများဟာ ဆီးချိုကြောင့်အာရုံကြောအားနည်းတဲ့ ရောဂါ၊ စိတ်ကစဥ့်ကလျားဖြစ်တဲ့ ရောဂါနဲ့ အမျိုးသမီးများ ဓမ္မတာမလာမီ ဖြစ်ပေါ်တဲ ရောဂါလက္ခဏာစု တွေအတွက် အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။ ဗီတာမင်ဘီစစ်ပမာဏ လိုအပ်တာထက် ပိုမိုသောက်သုံးမိပါက ဆိုးဆိုးဝါးဝါး ဘေးဥပဒ်မဖြစ်စေနိုင်ဘူးဆိုပေမယ့် ရံဖန်ရံခါထုံတာကျင်တာ၊ လမ်းကောင်းကောင်းမလျှောက်နိုင်တာ၊အလင်းရောင်ကိုကောင်းကောင်းမကြည့်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။
( ၈ )။ဗီတာမင် ဘီ ၀မ်း
၁၉၂၆ ခုနှစ်အတွင်းမှာပဲ သိပ္ပံပညာရှင်တွေဟာ ဗီတာမင် ဘီဝမ်းကို အတိအလင်း တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဗီတာမင် ဘီဝမ်းချို့တဲ့မယ်ဆိုရင် ဘယ်ရီဘယ်ရီ(beriberi)လို့ခေါ်တဲ့ အာရုံကြောတွေ အားနည်းတဲ့ ရောဂါဖြစ်စေနိုင်ပါတယ်။ ဘယ်ရီဘယ်ရီဆိုတဲ့ စကားလုံးက သီဟိုဠ်ဘာသာစကားအရ “မလုပ်နိုင်ခြင်း၊ မစွမ်းဆောင်နိုင်ခြင်း”လို့ အနက်သဘော ဆောင်တယ်လို့လည်း ဆိုကြပါတယ်။အမှန်တကယ်လည်း ဗီတာမင် ဘီဝမ်း ချို့တဲ့ သူတွေမှာ ခြေလက်တွေ လေးလံထိုင်းမှိုင်းလာမယ်၊ မှတ်ဥာဏ်များ ချို့ယွင်းလာမှာ ဖြစ်ပါတယ်။ ဗီတာမင် ဘီဝမ်းချို့တဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ လက္ခဏာတွေ ခံစားလာရနိုင်ပါတယ်။ အစာလမ်းကြောင်းဟာလည်း ပုံမှန်တာဝန်မထမ်းဆောင်နိုင်တော့ဘဲ အစာမကြေတာ၊ အန်တာ၊ ၀မ်းလျှောတာတွေ ဖြစ်လာပါမယ်။ ခြေထောက်တွေ ထုံကျင်လာပြီး ဆောင့်ကြောင့် ထိုင်ရာကနေ ရုတ်တရက် ထလိုက်တဲ့အခါမျိုးမှာ အလွယ်တကူ မတ်တပ်ထလို့ မရတာမျိုးတွေ ရှိတတ်ပါတယ်။
နို့တိုက်မိခင်တွေမှာလည်း ဗီတာမင်ဘီဝမ်းကြွယ်ဝတဲ့ အစားအစာတွေ လုံလောက်အောင် မစားပေးဘူးဆိုရင် ကလေးငယ်မှာ ဘီဝမ်းချို့တဲ့ လာမှာ မလွဲဧကန်ပါပဲ။ အထူးသဖြင့် အသက် နှစ်လမှ သုံးလအရွယ် ကလေးငယ်တွေမှာ ဖြစ်တတ်ပါတယ်။ ကလေးငယ်ဟာ ဂဏာမငြိမ်ဖြစ်လာမယ်၊ ငိုလိုက်တဲ့အခါ အသံက စူးစူးဝါးဝါးဖြစ်လာပြီး ခပ်ကြမ်းကြမ်း ဖြစ်နေပါမယ်။ နောက်ဆုံးပိတ်အနေနဲ့ ကလေးဟာ အသံလုံးဝမထွက်တော့တဲ့  အဆင့်ထိ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဓိကဇစ်မြစ်ကတော့ အာရုံကြောများ ကောင်းမွန်စွာ အလုပ်မလုပ်တော့လို့ပါပဲ။ဗီတာမင် ဘီဝမ်းဟာ အာရုံကြောများအကြား အချက်အလက်သယ်ပို့တဲ့ နေရာမှာ ပါဝင်ကူညီပေးပါတယ်။ ဒ့ါအပြင် ဘီဝမ်းချို့တဲ့မယ်ဆိုရင် နှလုံးကြီးလာမယ်၊ နှလုံးခုန်မြန်လာမယ်၊ အာရုံကြောတွေ ရောင်ယမ်းပြီး ခြေထောက်တွေ ဖောယောင်လာမယ်၊ အချိန်မှီ ထိရောက်တဲ့ ကုသမှု မရဘူးဆိုရင် နှလုံး အလုပ်မလုပ်တော့ဘဲ အသက်သေဆုံးတဲ့အထိပါ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ဘီဝမ်းမချို့တဲ့ဖို့ အထူးသတိပြုသင့်လှပါတယ်။ အထူးသဖြင့် အရက်သမားတွေမှာ ဘီဝမ်းချို့တဲ့တဲ့ လက္ခဏာတွေ မကြာခဏ တွေ့ရှိရတတ်ပါတယ်။အထူးတလည် ဖြူဖွေးနေအောင် ဖွတ်ထားတဲ့ ဆန်တွေကိုပဲ စားမယ်ဆိုရင်လည်း လုံလောက်တဲ့ ဘီဝမ်းပမာဏ မရရှိနိုင်ပါဘူး။ ဆန်ရေစေးတဲ့အခါ လက်နဲ့ နာနာပွတ်ဆေးရင်လည်း ဘီဝမ်းတွေ ဆုံးရှုံးနိုင်ပါတယ်။ ထမင်းရေခန်း မချက်ဘဲ ထမင်းရည်တွေ သွန်ပစ်လိုက်မယ်ဆိုရင်လည်း ထမင်းရည်ထဲမှာ ဘီဝမ်းတွေ ပါဝင် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။
ဘီဝမ်းကြွယ်ဝတဲ့ အစားအစာတွေကတော့ ဆန်လုံးညို၊ဂျုံ၊နှံစားပြောင်း၊ ပေါင်မုန့်၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။ ကြက်ဥအနှစ်နဲ့ ၀က်သားဟာလည်း ဘီဝမ်းပမာဏ တော်တော်များများပါဝင်တဲ့  အစားအစာတွေပဲ ဖြစ်ပါတယ်။
သာမန်လူတစ်ယောက်အတွက် တစ်နေ့တာ ဘီဝမ်းလိုအပ်ချက်က ၁.၅ မီလီဂရမ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် တစ်နေ့တာ စားသုံးတဲ့  ကယ်လိုရီ ပမာဏပေါ်လည်း မူတည်ပါတယ်။ ကယ်လိုရီ များများစားလေ ဘီဝမ်းလိုအပ်ချက် ပိုများလေဖြစ်ပါတယ်။ ဘီဝမ်း ပမာဏအများအပြား စားသုံးမိပေမယ့်လည်း အန္တရယ် မရှိနိုင်ပါဘူး။ တစ်နေ့ကို ဘီဝမ်းပမာဏ ၅၀၀ မီလီဂရမ်မျှ စားသုံးရင်တောင်မှ ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါဘူးလို့ ဆိုထားပါတယ်။အချို့အစားအစာတွေဟာ ခန္ဓာကိုယ်ရှိ ဘီဝမ်းပမာဏကို လျော့နည်းစေနိုင်ပါတယ်။ ရေချိုငါးတွေ၊ ခရု၊ ပုဇွန်ထုပ်နဲ့ ပင်လယ်ငါးတချို့မှာ ပါဝင်တဲ့ thiaminase ဆိုတဲ့ အင်ဇိုင်းတစ်မျိုးဟာ ဘီဝမ်းတွေကို ချေဖျက် ပျက်စီးစေနိုင်ပါတယ်။ ဒ့ါအပြင် ကော်ဖီ လက်ဖက်ရည်တွေ အလွန်အကျွံသောက်သုံးမယ်ဆိုရင်လည်း သွေးထဲရှိ ဘီဝမ်းပမာဏ လျော့နည်းသွားစေနိုင်တယ်ဆိုတာကို သတိပြုသင့်လှပါတယ်။
( ၉ )။ဗီတာမင် စီ
Ascorbic acid လို့ခေါ်တဲ့ ဗီတာမင်စီကို ကာဗွန်၆လုံး၊ ဟိုက်ဒြိုဂျင် ၈လုံးနှင့် အောက်စီဂျင် ၆လုံးတို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားပါတယ်။ ကာဗွန် ၆လုံးရှိတဲ့အတွက် ဗီတာမင်စီကို hexuronic acid ဟူ၍ ခေါ်ဆိုခဲ့ပါသေးတယ်။ ဗီတာမင်စီချို့တဲ့ခြင်းကြောင့် ရေစီးကမ်းပြိုဖြစ်ပွါးမှုဟာ ၁၇ရာစုမှ ၁၉ရာစုနှစ်အတွင်း ကမ္ဘာနှင့်အ၀ှမ်း ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ပင်လယ်ပြင်တွင် လပေါင်းများစွာကြာအောင် ရွက်လွှင့်ခရီးသွားနေတဲ့ သဘောင်္သားတွေမှာ အဖြစ်များခဲ့ပါတယ်။
ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဗီတာမင်အီးနှင့်မတူဘဲ ဗီတာမင်စီရဲ့ ဓါတ်တိုးဆန့်ကျင်သတ္တိကို ခန္ဓာကိုယ်ရဲ့ ရေရှိတဲ့ အစိတ်အပိုင်းတွေမှာပဲ တွေ့နိုင်ပါတယ်။ အဲဒီ ဓါတ်တိုးဆန့်ကျင်စေတဲ့ ဂုဏ်သတ္တိဟာ ဆဲလ်အတွင်းမှာရှိတဲ့  DNA ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ဒါကြောင့်မို့ ဗီတာမင်စီဟာ ကင်ဆာဖြစ်ပွါးမှုကို လျော့နည်းစေပါတယ်။ အဓိကအားဖြင့်တော့ ဗီတာမင်စီဟာ အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အဆုတ်ကင်ဆာတွေ မဖြစ်ပွါးအောင် တားဆီးပေးနိုင်ပါတယ်။ အကင်တွေ၊ မီးခိုးကြပ်တိုက်ထားတဲ့ အစားအစာတွေဟာ အစာအိမ် ကင်ဆာဖြစ်စေတဲ့ nitrosamine ဓါတ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဗီတာမင်စီဟာ nitrosamine ဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။
ဗီတာမင်စီချို့တဲ့ ခြင်းဟာ ရေစီးကမ်းပြိုဖြစ်စေနိုင်တယ်ဆိုတာကို သိရှိပြီးဖြစ်ကြပါတယ်။ ရေစီးကမ်းပြိုဖြစ်ပြီဆိုရင် သွားဖုံးဟာ အလိုလိုနေရင်း သွေးယိုလာမယ်၊ သွားတိုက်တဲ့အခါ သွေးထွက်လာမယ် အစရှိတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ရေစီးကမ်းပြိုဖြစ်ပွါးရတဲ့ အဓိက အချက် ၂ချက်ရှိပါတယ်။ ပထမတစ်ချက်က သွေးကြောထဲမှာရှိတဲ့ ဆဲလ်တွေဟာ တစ်ခုနဲ့ တစ်ခု ကောင်းမွန်စွာ ထိကပ်တွယ်ဆက်မနေလို့ဖြစ်ပြီး ဒုတိယတစ်ချက်ကတော့ သွေးကြောနံရံတွေမှာ ကိုလက်ဂျင်(collagen)လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုး လုံလုံလောက်လောက် မရှိလို့ပဲ ဖြစ်ပါတယ်။ ဗီတာမင်စီဟာ ကိုလက်ဂျင် ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ဒါကြောင့်မို့လည်း ထိခိုက်ဒဏ်ရာ အနာတရ ဖြစ်ပွါးပါက ဗီတာမင်စီ လုံလုံလောက်လောက်စားပေးမယ်ဆိုရင် အနာကျက်မြန်စေတာ ဖြစ်ပါတယ်။
ဗီတာမင်စီဖြည့်စွက်စာများကို ပုံမှန်စားသုံးပေးပါက နှလုံးရောဂါ ဖြစ်ပွါးမှုကို ကာကွယ်ပေးပါတယ်။ ဗီတာမင်စီဟာ သွေးကြောများကို ကောင်းမွန်စေတဲ့အတွက် နှလုံးရောဂါတင်မကပါဘူး၊ သွေးခဲခြင်းကြောင့် လေသင်တုန်းဖြတ်တာတွေ၊ သွေးကြောပေါက်ထွက်ခြင်းကြောင့် လေသင်တုန်းဖြတ်တာတွေအတွက်ပါ အထောက်အကူ ပြုပါတယ်။ ဂျပန်နိုင်ငံနဲ့ ဖင်လန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနပြုချက်တွေအရဆိုရင် သွေးထဲမှာ ဗီတာမင်စီ ပမာဏ ပုံမှန်ရှိတဲ့သူတွေမှာ လေဖြတ်ခြင်းကို ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းထိ လျော့ကျစေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့်လို့လည်း ဗီတာမင်စီတစ်ခုတည်း ပုံမှန်စားသုံးပေးတာနဲ့လေသင်တုန်းမဖြတ်စေနိုင်ဘူး လို့တော့ အပြည့်အ၀ ဆိုမထားပါဘူး။ ဗီတာမင်စီဟာ အတိုင်းအတာ တစ်ခုထိ ကာကွယ်တားဆီးပေးနိုင်တာ ဖြစ်ပါတယ်။တင်ပဆုံရိုးကျိုးခြင်းဟာ သွေးဆုံးပြီး အမျိုးသမီးများမှာ အများဆုံး ဖြစ်ပွါးလေ့ရှိတဲ့ ရောဂါတစ်ခုပါ။ လေ့လာချက်တွေအရ ဗီတာမင်စီချို့တဲ့မယ်ဆိုရင် တင်ပဆုံရိုးကျိုးဖို့အတွက် သုံးဆခန့် ပိုများတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေမှာအဖြစ်များလေ့ရှိပါတယ်။ဒါကြောင့်အမျိုးသမီးတွေအနေနဲ့သွေးဆုံးပြီးနောက်ပိုင်းကာလတွေမှာ ဗီတာမင်စီ မချို့တဲ့အောင် ဂရုပြုသင့်လှပါတယ်။ ဆေးလိပ် သောက်တတ်သူများမှာဆိုရင်တော့ ဗီတာမင်စီ လိုအပ်ချက် ပိုများနေမှာ ဖြစ်တဲ့အတွက် သာမန်လူများထက် ဗီတာမင်စီကို ပိုမိုစားသုံးပေးဖို့ လိုအပ်ပါတယ်။တစ်နေ့တာ ဗီတာမင်စီ လိုအပ်ချက်ဟာဆိုရင် အမျိုးသားတွေမှာ ၉၀ မီလီဂရမ်ဖြစ်ပြီး အမျိုးသမီးတွေမှာတော့ ၇၅ မီလီဂရမ် လိုအပ်ပါတယ်။ ဒါပေမယ့် အထက်က ပြောခဲ့သလို ဆေးလိပ်သောက်သူတွေမှာ သာမက၊ ကိုယ်ဝန်သည်တွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ ရောဂါဖြစ်ပွါးနေသူတွေနဲ့ ပုံမှန်ကျောက်ကပ်သန့်စင် နေရသူတွေမှာ ဗီတာမင်စီ ပိုမိုလိုအပ်ပါတယ်။ ဗီတာမင်စီပမာဏ လိုအပ်တာထက် အနည်းငယ် ပိုမိုစားသုံးမိမယ်ဆိုရင်လည်း ဘေးဥပါဒ်မဖြစ်စေနိုင်ဘူးဆိုပေမယ့် တစ်နေ့လျှင် ၁၀၀၀ မီလီဂရမ်ထက်တော့ ပိုမစားသုံးသင့်ပါဘူး။ ဗီတာမင်စီ ၁၀၀၀ မီလီဂရမ်ပမာဏကို တကြိမ်တည်း စားသုံးပေမယ့်လည်း ခန္ဓာကိုယ်က အဲဒီပမာဏ အကုန်လုံးကို မစုပ်ယူနိုင်ပါဘူး။ တ၀က်ပဲ စုပ်ယူနိုင်ပြီး ကျန်တဲ့ တ၀က်ကိုတော့ ဆီးထဲကနေ စွန့်ပစ်လိုက်မှာ ဖြစ်ပါတယ်။  ဗီတာမင်စီ ၁၀၀ မီလီဂရမ် အောက်ကိုသာ  ခန္ဓာကိုယ်က ရာနှုန်းပြည့် အပြည့်အ၀သုံးစွဲနိုင်ပါတယ်။ ဗီတာမင်စီ ဆေးဝါး၂ ဂရမ်မျှကို တကြိမ်တည်းသောက်သုံးလိုက်မယ်ဆိုရင် ဗိုက်နာမယ်၊ ပျို့လာမယ်၊ ၀မ်းလျှောမယ် အစရှိတဲ့ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဗီတာမင်စီ ပမာဏများများကို ရေရှည်စွဲသောက်သုံးနေမယ်ဆိုရင် ကျောက်ကပ်မှာ ကျောက်တည်ဖို့ အတွက် အခွင့်အလမ်းများတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ကျောက်ကပ်မှာ ကျောက်တည်ဖူးသူတွေအနေနဲ့ ဗီတာမင်စီ ဆေးဝါးများ အလွန်အကျွံ မစားမိဖို့ သတိပြုသင့်လှပါတယ်။ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ အဓိကအားဖြင့် အရသာချဉ်တဲ့ အသီးအနှံတွေ ဖြစ်ပါတယ်။ ဘရိုကိုလီ၊ ကွမ်းသီးလုံးဂေါ်ဖီထုပ်၊ ကိုက်လန် အစရှိတဲ့ အရွက်အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်တွေမှာလည်း ဗီတာမင်စီ ကြွယ်ဝပါတယ်။ ဗီတာမင်စီ မပါဝင်တဲ့  အသီးအနှံဆိုလို့ ခပ်ရှားရှားပါပဲ။ တစ်ခုသတိထားရမှာကတော့ ဗီတာမင်စီဟာ အပူကြောက်တဲ့ ဗီတာမင်ပဲ ဖြစ်ပါတယ်။ မီးဖိုပေါ်မှာ အချိန်ကြာကြာ ချက်လေ၊ ဗီတာမင်စီ ပမာဏ များများဆုံးရှုံးလေ ဖြစ်ပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို နွမ်းဖတ်နေအောင် မကြော်လှော် မချက်ပြုတ်သင့်ပါဘူး။ အသီးအရွက်တွေမှာသာမက အသား၊ အသည်းတွေမှာလည်း ဗီတာမင်စီ အနည်းငယ် ပါဝင်ပါတယ်။ဗီတာမင်စီ အလွန်အမင်း ချို့တဲ့ မယ်ဆိုရင်တော့ သွားဖုံးပျက်စီးတာ၊ သွားတွေကျွတ်တာ၊ ပါးစပ်အနာဖြစ်တာ၊ သွေးအန်တာ သွေးဝမ်းသွားတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဆံချည်မျှင်သွေးကြောလေးတွေ ပေါက်ထွက်ပြီးတော့ ခန္ဓာကိုယ်အနှံ့မှာ အနီစက်လေးတွေလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
( ၁၀ )။ ဗီတာမင် ဘီတွဲလ်
မီတာမင် B12 ဧ။် လုပ်ဆောင်ချက်တွေကလည်း ကျွန်တော်တို့ ခန္ဓာ ကိုယ် အတွက်  များစွာ ပါဝင်နေပါတယ်။ ၁၈ လက်မ အရှည်ရှိသော ကျောရိုးနာဗ့်ကြောစည်းမှ တစ်ဆင့် ဖြာထွက်နေသော နာဗ့်ကြောပေါင်း ၃၁ စုံမှ ထက်ဝက်ခန့်သည်  ဦးနှောက်နှင့် တိုက်ရီုက် ဆက်သွယ်လျက်ရှိသည်။ ဗီတာမင် ဘီတွဲလ်သည်  ဦးနှောက်ထံမှ အမိန့် ညွန်ကြားချက်များကို ကြွက်သားတစ်သျူးများဆီ ပို့ပေးရန် အတွက် များစွာ အကူအညီပေးသည်။အပင်စာ အများစုမှာ ဇီဝရုပ်ဖြစ်ပျက်ဖို့ လိုအပ်တဲ့ ဗီတာမင် B12 တွေ မပါဝင် တတ်ပါဘူး။ ဗီတာမင် B12 ချို့တဲ့ရင် ဦးနှောက် ပျက်စီးရောဂါ (Dementia) ရတတ်ပါတယ်။ ဆဲလ်များ ပုံမှန် ကြီးထွားမှု၊ အပေါ်ယံ ဆဲလ်များ ထုတ်လုပ်မှု၊ သွေးနီဥ ထုတ်လုပ်မှုနှင့် အာရုံကြော စနစ်ရှိ အင်္ဂါအစိတ်အပိုင်းများကို ထိန်းသိမ်း ရာ တွင် မရှိမဖြစ် အသုံးပြုရန် လိုအပ် ပါသည်။ ၎င်းကို တိရိစ္ဆာန်ထွက် အစားအစာ များမှသာ ရရှိနိုင်ပြီး ဟင်းသီး ဟင်းရွက်၊ အသီးနှံ များ အပါအ၀င် မည်သည့် အပင်ထွက် အစားအစာ များမှ မရနိုင်ပါ။ ချို့တဲ့ပါက သွေးအားနည်း ရောဂါတချို့ ( Pernicious Anaemia) ရနိုင်ပြီး နာ့ဗ်ကြော စနစ် ပျက်စီး နိုင်ပါသည်။ဗီတာမင် B12 ပါဝင်တဲ့ အားဖြည့်ဆေး သောက်ပါ။သတ်သတ်လွတ် စားသူများအတွက် ဗီတာမင် ဘီတွဲလ် ပါဝင်သော အားဖြည့်ဆေးများ မှီဝဲသင့်ပါတယ်။ ကျွန်တော် အခုတင်ပြပေးခဲ့တဲ့ ဗီတာမင် ( ၁၀ )မျိုးဟာ ကာယဗလ သမားတွေ အတွက် မရှိမဖြစ် အရေးကြီးတဲ့ ဗီတာမင် ( ၁၀ )မျိုးပါ။ အခြား ဗီတာမင် နှင့် သတ္တုဓာတ်တွေလည်း အရေးမကြီးဘူး လို့ မဆိုလိုပါဘူး။ လူသားတစ်ဦးအတွက် ဗီတာမင် နှင့် သတ္တူ ဓာတ်ဆိုတာ ပြည့်စုံမျှတနေသာ အကောင်းဆုံးပါ။ ဘယ်အရာမဆို တန်ဆေး လွန်ဘေး ဆိုတဲ့ အတိုင်း ဗီတာမင် လွန်ကဲရင်လည်း အခြားသော ဆိုးကျိုးတွေ ဖြစ်နိုင်သလို ဗီတာမင် ချို့တဲ့ ရင်လည်း ရောဂါ ဘယ တွေ အမျိုးမျိုး ၀င်ရောက်လာနိုင်တယ်ဆိုတာ သတိပြု ပြောကြားရင်း အားလုံးတွေးဆ ဆင်ခြင်နိုင်ကြပါစေ။
တင်ဆက်သူ----အောင်အောင်
email----aungaung.aung24@gmail.com
Tuesday, April 16, 2013
ဂွဒ်ဘိုင်မစ္စတာဂျိုးဝီဒါ
 ကမ္ဘာ့ကာယဗလလောက၏ဖခင်၊ကာယဗလနှင့်ကြံ့ခိုင်မှုအားကစားလောက၏အင်ပါယာပြည့်ရှင်၊
မိမိ၏အိပ်မက်ကိုအကောင်အထည်ဖော်ပြီးကမ္ဘာ့လူသားများကိုအကျိုးအပြုဆုံးသူဟုတင်စားခေါ်
ဝေါ်ကြသည့်ကျွန်တော်တို့ ချစ်မြတ်နိုးသောကာယဗလအားကစားကိုအားကစားတစ်ရပ်အဖြစ်၊ကမ္ဘာ
ပေါ်တွင်ထင်ရှားအောင်စွမ်းဆောင်ပေးခဲ့သည့်၊ဂျူးလူမျိုး၊အပြည်ပြည်ဆိုင်ရာကာယဗလအဖွဲ့ ချူပ်
(IFBB)ကိုတည်ထောင်ခဲ့သူ၊မောင်အိုလံပီယာပြိုင်ပွဲ၏ဖန်တီးရှင်မစ္စတာဂျိုးဝီဒါသည်၊2013-ခုနှစ်၊
မတ်လ၊23-ရက်နေ့ ၊အသက်(၉၃)နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့ခြင်းပင်ဖြစ်သည်။
ဂျိုးဝီဒါသည်သာမာန်လူသားတစ်ယောက်အဖြစ်သာမွေးဖွားခဲ့သော်လည်း၊လူသာမာန်အဖြစ်သေဆုံးခဲ့
ခြင်းမျိုးမဟုတ်ပါ။သူ့ ကြောင့်ကမ္ဘာပေါ်တွင်အားကစားနည်းတစ်ရပ်အသက်ဝင်ထင်ရှားလာခဲ့ခြင်း၊
သန်းပေါင်းများစွာသောလူများ၏ဘ၀ကိုပြောင်းလဲစေခဲ့ခြင်းနှင့်အညတရများစွာကိုအထင်ကရများ
အဖြစ်သို့ ပို့ ဆောင်ပေးခဲ့သောဂျိုး၏စွမ်းဆောင်မှုများကိုအစားထိုးနိုင်မည့်သူမရှိပါ။ဂျိုးကွယ်လွန်ပြီး
နောက်လာမည့်အနာဂါတ်တွင်မောင်အိုလံပီယာပြိုင်ပွဲများနှင့်ကာယဗလအားကစားအပေါ်မည်သို့ 
အပြောင်းအလဲများဆိုက်ရောက်လာမည်ကိုစောင့်ကြည့်ရန်သာရှိပါသည်။
ယခုခေတ်တွင်လူအများကမောင်အိုလံပီယာများကဲ့သို့ ခန္ဓာကိုယ်မျိုးများနှင့်စာလျင်ကျန်းမာကြံ့ခိုင်
သောပုံစံမျိုးကိုသာနှစ်သက်လက်ခံလာကြသည့်အပြင်မောင်အိုလံပီယာများ၏ဆိုးကျိုးများသော၊
စတီးရွိုက်အသုံးပြုမှုကိုလည်းဝေဖန်ကန့် ကွက်လာကြသည့်အတွက်၊မားမားမတ်မတ်ဦးဆောင်မည့်
သူမရှိပါကမောင်အိုလံပီယာပြိုင်ပွဲများတိမ်ကောသွားစရာအကြောင်းရှိပါသည်။ထို့ အပြင်ယခုလက်ရှိ
ကမ္ဘာပေါ်တွင်လည်း၊တားမြစ်ဆေးဝါးများမသုံးသည့် Natural Bodybuilding နှင့် Men physique
ပြိုင်ပွဲများကိုအဖွဲ့ ချုပ်များအသီးသီးထူထောင်ပြီး၊အမည်အမျိုးမျိုးနှင့်ကျင်းပလာသည့်အပြင်၊ဆုကြေး
များ၊စပွန်ဆာများကလည်းမက်လောက်စရာဖြစ်သည့်အပြင်ပြိုင်ပွဲဝင်တစ်ဦးဖြစ်ရန်အတွက်ကာယဗလ
မောင်များကဲ့သို့အချိန်များစွာကုန်ရန်မလိုသည့်အတွက်လူအများစိတ်ဝင်စားမှုပိုလာသောကြောင့်မ
ကြာမှီကမ္ဘာကာယဗလအားကစားသည်အသွင်ပြောင်းသွားနိုင်ကြောင်းကိုသုံးသပ်မိပါသည်။
မည်မျှပင်အသွင်ပြောင်းသွားစေကာမူ၊ဤအားကစားသည်ကမ္ဘာတည်သရွေ့ တည်ရှိနေမည်ဖြစ်သလို၊
ဤအားကစား၏ဖခင်မစ္စတာဂျိုးဝီဒါသည်လည်းကာယဗလလိုက်စားသူတိုင်း၏အသည်းတွင်အစဉ်
တည်ရှိနေမည်ဖြစ်ပါကြောင်းနှင့်မစ္စတာဂျိုးဝီဒါသည်လည်းကောင်းရာသုဂတိလားပါစေဟုဆန္ဒပြု
လိုက်ပါသည်။
ဝမ်းနည်းစရာအဖြစ်များမှာယခု2013-ခုနှစ်အစပိုင်းတွင်၊ကမ္ဘာကျော်ကာယဗလချန်ပီယံနှစ်ဦးဖြစ်သည့်
နာဆာအလ်ဆွန်ဘက်တီနှင့်မတ်ဒူဗဲလ်တို့ နှစ်ဦးသည်လည်း၊၄င်းတို့ အသုံးပြုခဲ့သောစတီးရွိုက်ဆေး
များ၏ဆိုးကျိုးကြောင့်ကျောက်ကပ်ပျက်ဆီးကာကွယ်လွန်သွားခဲ့ကြခြင်းပင်ဖြစ်သည်။ဤသတင်းများ
ကိုကျွန်တော်အချိန်နှင့်တပြေးညီတင်ပြလိုသော်လည်းအကြောင်းအမျိုးမျိုးကြောင့်ကျွန်တော်စာမရေး
ဖြစ်သည့်အတွက်ယခုကဲ့သို့ ကြန့် ကြာနေခြင်းဖြစ်ပါသည်။မကြာမှီတွင်ဂျိုးဝီဒါ၏သီအိုရီများ၊ဘ၀ဇာတ်
ကြောင်းများကိုလည်းအလျဉ်းသင့်သလိုတင်ပြပေးသွားပါဦးမည်။
လေးစားလျက်----
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com
www.myanmarfitness.com