arial" action="like" colorscheme="light">

Sunday, February 9, 2014

အဟောင်းထဲမှအကောင်းဆုံးဆယ်ဦး

 
ကာယဗလမောင် အကျော်အမော် အားလုံးဟာ ထူးချွန်တဲ့ချန်ပီယံတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာမှာ ဘယ်ကာယဗလမောင်တွေဟာ အကောင်းဆုံးလဲဆိုတာ ရွေးထုတ်ပြဖို့ အလွန်ခက်ခဲပါလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး သဘောထားချင်းလဲ တူကြမှာမဟုတ်ပါဘူး။
ဒါပေမယ့် ယနေ့အထိ ပရိသတ်တွေရဲ့ အသည်းမှာ စွဲ ထင် ရစ်လောက်အောင်  နာမည် ကျော်ကြားခဲ့တဲ့ အဟောင်းထဲက အကောင်းဆုံးတွေကို ပြပါဆိုရင် အောက်ဖော်ပြပါ (၁၀)ဦးဟာ အဟောင်းထဲက အကောင်းဆုံးသော မောင်အိုလံပီယာများ ဖြစ်ပါသည်။
အဟောင်းထဲက အကောင်းဆုံး ကာယဗလမောင်များ
1)     အာနိုးရွှာဇင်နက်ဂါး
2)     စတိဖ်ရီးဖ်စ်
3)     ဖရင့်ဇိန်း
4)     လီဟေနီ
5)     ဆာဂျီယို အော်လီဗာ
6)     လယ်ရီ   စကော့
7)     ဘီလ်ပါးလ်
8)     ဖရန်ကိုကိုလံဘူ
9)     ဂျွန်ဂရင်းမက်စ်
10)  ရက်ခ်ျပက်ခ်
အာနိုး – ရွှာဇင်နက်ဂါး (ARONOLD SCHWARZENEGGER)
သူ့ရဲ့မိသားစု နာမည်ကြီးက အလွန်အခေါ်ရခက်ပါတယ်။ သူဟာ အခုအခါမှာ အမေရိကန်နိုင်ငံသား ဖြစ်သွား ပါပြီ။ ဒါပေမယ့် သူ့ရဲ့ဇာတိချက်ကြွေ အမိမြေကတော့ သြစတြီးယားနိုင်ငံ ဖြစ်ပါတယ်။ ဂျာမန်နဲ့ သြစတြီးယားနိုင်ငံက စကားချင်းလုံးဝ နီးပါးတူသလောက် နာမည်တွေကလည်း ခေါ်ရခက်ပါတယ်။
ဒါကြောင့် အာနိုးရွှာဇင်နက်ဂါးကို အာနိုးလို့ပဲ လွယ်လွယ်နဲ့ အဖျားဆွတ်ခေါ်ကြပါတယ်။ ကမ္ဘာ့ကာယဗလ လောကမှာတော့ သူ့ရဲ့နိုင်ငံကို အကြောင်းပြုပြီး အားနိုးကို သြစတြီးယားက ၀က်သစ်ချပင်ကြီး (Austrian Oak) လို့ တင်စားခေါ်ဆိုကြပါတယ်။
အာနိုးဟာ ကမ္ဘာ့ကာယဗလ သမိုင်းမှာ အကောင်းဆုံးလို့ သတ်မှတ်ခြင်းလည်း ခံထိုက်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ကမ္ဘာမှာထိပ်ဆုံး ထိပ်ထိပ်ကြဲ ကာယဗလမောင်ပြိုင်ပွဲကြီးတွေမှာ သူ့လောက်အကြိမ်ပေါင်း များစွာ အထပ် ထပ်ကွမ်း ဗိုလ်စွဲခဲ့တဲ့သူဟာ လီဟေနီ နဲ့ ရွန်နီကိုးလ်မင်းလ် (၂)်ဦးတည်းပဲ ရှိပါသေးတယ်။ အတိုချုပ်ဆိုရင်တော့ မောင်စင်္ကြာဝဠာဘွဲ့ (၆)ကြိမ် နဲ့ မောင်အိုလံပီယာဘွဲ့ (၇)ကြိမ် အနိုင်ရခဲ့တာပဲ ကြည့်လိုက်ပါ။ ရှားမှရှားတဲ့ ကာယဗလအောင်မြင်မှု မဟုတ်ပါလား။
အာနိုးဟာ ဟာကြူလီဇာတ်ကား ရိုက်ရင်းဟောလိဝုဒ် ရုပ်ရှင်လောကထဲသို့ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ The Terminator စက်ရုပ်ဇာတ်ကားဖြင့် စတင်အောင်မြင်မှု ရလာခဲ့ပါတယ်။ ဒီနောက်မှာတော့ အာနိုးဟာ ကမ္ဘာကျော် ရုပ်ရှင်မင်းသားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
၁၉၈၈ ခုနှစ်ကစပြီး မောင်အိုလံပီယာပြိုင်ပွဲနှင့် တန်းတူဆုကြေးငွေများ ချီးမြှင့်ခဲ့သည့် `အာနိုးကလပ်ဆစ် မောင်ပြိုင်ပွဲ` (Arnold Classic) ကို စတင်အသက်သွင်းခဲ့ပါတယ်။
အာနိုးဘ၀တွင် အကြီးမာဆုံးဂုဏ်ထူးအဖြစ် ၁၉၈၉ ခုနှစ်တွင် အမေရိကန်သမ္မတ၏ ကိုယ်ကာယကြံ့ခိုင်မှုနှင့် အားကစားကောင်စီ (President’s Council on Physical Fitness and Sports) ၏ ဥက္ကဌအဖြစ် သမ္မတ ဂျော့ခ်ျဘွက်ရှ်က တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။
စတီးဖ် – ရီးဖ်စ် (STEVE REEVES)
သူဟာ ၁၉၄၇ ခုနှစ် မောင်အမေရိက၊ ၁၉၄၉-၅၀ ခုနှစ်မှာ မောင်ကမ္ဘာ မောင်စင်္ကြာဝဠာ ဘွဲ့ရတဲ့ ကာယဗလ မောင်တစ်ယောက်အဖြစ် ဂန္တ၀င်မြောက်ဖြစ်ခဲ့ပါတယ်။ စတီးဖ် အကောင်းဆုံးအချိန်တုန်းက သူရှုံးခဲ့ဖူးတဲ့သူ နှစ်ယောက်ပဲ ရှိခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် လန်ဒန် မောင်စင်္ကြာဝဠာပြိုင်ပွဲမှာ ဂျွန်-ဂရင်းမက်စ်ကို တစ်ကြိမ်၊ ၁၉၄၉ ခုနှစ် မောင်ယူအက်စ်အေ (မောင်အမေရိကနဲ့မတူပါ)မှာ ဂျွန်ဂရင်းမက်စ်နဲ့ ကလဲရင့်စ်ရော့စ်ကိုတစ်ကြိမ်ပဲ ရှုံးခဲ့ဖူးပါတယ်။ သူ့ခေတ်က အသက်အငယ်ဆုံး မောင်အမေရိက တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် စတီးဖ်ရီဖ်ကို တစ်ကမ္ဘာလုံးက ဟာကြူလီ ဇာတ်လိုက်မင်းသားကြီးအနေနဲ့ပဲ လူသိများခဲ့ပါတယ်။ တစ်ခြား ကာယဗလမောင်တွေလည်း ဟာကြူလီ ဇာတ်ကားမျိုးစုံ ရိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် ပထမဆုံးဟာကြူလီ မင်းသားစတီးဖ်ရီးဖ်စ်လောက်တော့ ဘယ်သူမှ ပိုပြီးကျော်ကြားအောင်မြင်မှု မရခဲ့ကြပါဘူး။
စတီးဖ်ဟာ အာနိုးလောက်တော့ ကြွက်သားတွေ မကြီးထွားဘူး။ ကြွက်သား ကွဲပြားပေါ်လွင်မှုမရှိဘူး။ သူဟာ သူ့ရဲ့ ကာယဗလအလှအပ အမျိုးအစား ပုံပျက်သွားအောင်လည်း ဘယ်တုန်းကမှ မကစားခဲ့ဘူး။ ကာယဗလမောင်တွေ ထဲမှာ လူလဲအချောဆုံး ခါးသေးသေးနဲ့ တစ်ကိုယ်လုံး အချိုးအစား အပြေပြစ်ဆုံး အလှအပဆုံး မောင်(တစ်ဦး) အနေနဲ့ ကြည့်ရင်တော့ စတီးဖ်ကို မီမယ့်သူ ဒီတစ်သက်မှာ ထပ်မတွေ့နိုင်တော့ဘူး ထင်ပါတယ်။
ဖရင့်-ဇိန်း (FRANK ZANE)
ဖရင့်-ဇိန်းဟာ အကြီးစား ကာယဗလမောင် စာရင်းထဲတော့ မ၀င်ဘူး။ ဒါပေမယ့် သူကလဲစတီးဖ်ရီးဖ်လိုပဲ။ အချိုးအစား သိပ်လှပပြီး ကြွက်သားတွေပိုပြီး ပေါ်လွင်တယ်။ ဇိန်းရဲ့ အကောင်းဆုံး အရည်အချင်းတစ်ခုကတော့ ကိုယ်ဟန်ပြတဲ့ အတတ်ပညာမှာ အလွန်ကောင်းခြင်း ဖြစ်ပါတယ်။ ကမ္ဘာ့ကာယဗလ သမိုင်းမှာ ကိုယ်ဟန်ပြအကောင်း ဆုံး ကာယဗလမောင်တစ်ဦး ဖြစ်ပါတယ်။
ဖရင့်ဇိန်းဟာ ၁၉၇၇-၇၈နဲ့ ၁၉၇၉ ခုနှစ်တွေမှာ မောင်အိုလံပီယာ (၃)ထပ်ကွမ်း ရခဲ့သူဖြစ်ပါတယ်။ သူအနိုင်ရ ခဲ့သူတွေဟာ သူ့ထက် ကိုယ်လုံးကိုယ်ထည်နဲ့ ကြွက်သားအစိုင်အခဲ ထုထည်ကြီးမားတဲ့ သူတွေချည်း များတယ်။ ဇိန်း အကောင်းဆုံးအချိန်က ဆာဂျီယိုအော်လီဗာနဲ့ အာနိုးတို့ကိုပါ အနိုင်ရခဲ့ဖူးတယ် ဆိုတာ အထူးခြားဆုံး အောင်မြင်မှု ဖြစ် ပါတယ်။
ဖရင့်-ဇိန်းဟာ စာရေးလည်းကောင်းတဲ့ ကာယဗလမောင်တစ်ဦး ဖြစ်ပါတယ်။ အနားယူ သွားတာ ကြာပေမယ့် လေ့ကျင့်မှုမပျက်ဘဲ သူရဲ့ကိုယ်လုံးအလှကို ဆက်ထိန်းထားနိုင်ပါတယ်။ ဇနီးဖြစ်သူ ခရစ်ရှန်ဇိန်းကလည်း ကစားပါတယ်။ ကိုယ်ကာယအလှအတွက် ဇိန်းမောင်နှံရဲ့နည်းလမ်းများဆိုတဲ့ စာအုပ်ဟာ အဆီလျော့ပြီး ကိုယ်လုံးအလှကို ထိန်းရေးအတွက် အကောင်းဆုံး စာအုပ်တစ်အုပ်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရ ပါတယ်။
ဖရင့်-ဇိန်းရခဲ့တဲ့ မောင်ဘွဲ့တွေမှာ အိုလံပီယာမောင် (၃)ကြိမ်အပြင် မောင်အမေရိက၊ မောင်စကြာဝဠာ၊ အင်္ဂလန်က အပျော်တမ်းနဲ့ ဆုကြေးစားမောင်စကြာဝဠာ သရဖူတွေ စုံအောင် ပါဝင်ခဲ့ပါတယ်။
လီ-ဟေနီ (LEE HANEY)
လီဟေနီဟာ ၁၉၈၄ ခုနှစ်ကစပြီး ၁၉၉၁ ခုနှစ်အထိ မောင်အိုလံပီယာ သရဖူကို (၈)နှစ်ဆက်တိုက် ပထမဦးဆုံး ဆောင်းနိုင်သူ ဖြစ်ပါတယ်။ မောင်အိုလံပီယာ ပြိုင်ပွဲမှာတော့ လူမည်း ကာယဗလသမား လီဟာနီဟာ အအောင်မြင်ဆုံးပါပဲ။
လီဟာနီဟာ အရပ် ၅ပေ ၁၁လက်မသာ ရှိပေမယ့်လည်း ကိုယ်အလေးချိန် ၂၄၀ ပေါင်ဝန်းကျင်နဲ့ အမြဲပြိုင်ပွဲ ၀င်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၃၀)ကျော်က ထိပ်တန်း ကာယဗလမောင် တစ်ဦးဟာ ကိုယ်အလေးချိန် ပေါင် (၂၂၀) ကျော်ထက် ပိုပြီးတင်ခဲလှပါတယ်။ ကြွက်သား ထုကြီးလာပေမယ့်လည်း ကြွက်သား ပေါ်လွင်ထင်ရှားမှု မရရှိနိုင်မှာကို ကြောက်ခဲ့ကြလို့ ဖြစ်ပါတယ်။
လီဟာနီဟာ ကိုယ်အလေးချိန်များ သလောက် သူရဲ့ကြွက်သားများဟာ ကြီးလည်းကြီးပြီး အချိုးအစားကျကျ ကွဲပြားပေါ်လွင်မှုကြောင့် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ပါတယ်။
လီဟေနီရေးသားတဲ့ (လုံးလုံး အံ့သြစရာ) ဆိုတဲ့ ကာယဗလ လေ့ကျင့်မှုစာအုပ်ဟာ လူကြိုက်များခဲ့ပါတယ်။
လီဟေနီဟာ (Animal Kingdom) လို့ခေါ်တဲ့ ကာယဗလလေ့ကျင့်မှုစခန်းကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒါ့အပြင် သူရေးသားခဲ့တဲ့ “လုံးလုံးအံ့သြစရာ” (Totalee Awesome) ဆိုတဲ့ ကာယဗလ လေ့ကျင့်နည်းစာအုပ်ေ၇ာ၊ သူ့ရဲ့ လေ့ကျင့်နည်း ဗွီဒီယိုတိတ်ခွေတို့ဟာ လူကြိုက်များခဲ့ပါတယ်။
လီဟေနီဟာ ဘာသာတရား ကိုင်းရှိုင်းပြီး လူအများ ချစ်ခင်လေးစားတဲ့ ကာယဗလသမားတစ်ဦး ဖြစ်အောင် အမြဲထိန်းသိမ်းနေထိုင်သူလည်း ဖြစ်ပါတယ်။ သူ အနားယူပြီးတဲ့ နောက်မှာတော့ မောင်အိုလံ ပီယာ (၆) ထပ်ကွမ်း ဖြစ်လာမဲ့ ဗြိတိန်မှ ဒိုရီယန်စ်ရီတ်စ် ဆိုတဲ့ မောင်အိုလံပီယာ တစ်ဦး ပေါ်ထွက်လာခဲ့ပါတယ်။ (နောက်ပိုင်းတွင် သီးသန့် ရေးသားပေးပါမည်။)
ဆာဂျီယို-အော်လီဗာ (SERGIO OLIVA)
ကျူးဘားနိုင်ငံသားများအနက် ကမ္ဘာကျော် အားကစားသမားတစ်ဦး ဖြစ်ပါတယ်။ ကျူးဘားနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီးနောက် အမေရိကန်တိုင်းရင်းသားဖြစ်လာကာ ချီကာဂိုမြို့တွင် အခြေချနေထိုင်ခဲ့ ပါတယ်။
ဆာဂျီယိုဟာ လယ်ရီစကော့ကို ဆက်ခံခဲ့တဲ့ ဒုတိယမောင်အိုလံပီယာ ဖြစ်ခဲ့ပါတယ်။ မောင်အိုလံပီယာ သရဖူကို (၃)ကြိမ်ဆက်တိုက် ပထမဆုံး ဆောင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၆၇-၆၈-၆၉ ခုနှစ်တွေက အိုလံပီယာစင်မြင့် ပေါ်မှာတော့ မယုံနိုင်စရာ ဒဏ္ဍာရီလို့ တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့ ကျူးဘားဇာတိဖွား လူမည်းကာယဗလသမား ဆာဂျီယိုအနားကို ကပ်နိုင်တဲ့သူ မရှိခဲ့ သလောက်ပါပဲ။ မောင်စကြာ ၀ဠာနဲ့ မောင်ကမ္ဘာ ဘွဲ့တွေကိုလည်း ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။
ဆာဂျီယိုဟာ အာနိုးခေတ် ရောက်လာတော့မှသာ တစ်ထစ်လျှော ကျသွားခဲ့ရပေမယ့် အာနိုးလောက် ကောင်းတဲ့ ဂန္ထ၀င်ကာယဗလသမားတစ်ယောက်လို့ အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။
သူရဲ့ထူးခြားချက်ကတော့ ကာယဗလမှာသာမဟုတ် အိုလံပစ်အလေးမနည်းမှာလဲ ထူးချွန်တဲ့ လူသန်တစ်ဦး ဖြစ်ခြင်းပါပဲ။
ဆာဂျီယိုဟာ ကြွက်သားထုထည် ကြီးမားသလောက် အချိုးအစားကျပြီး ကြွက်သားများ ထင်ရှားစွာ ပေါ်လွင် ကွဲပြားမှုကြောင့် အလွန်အောင်မြင်မှု ရရှိခဲ့သူဖြစ်ပါတယ်။
ဆာဂျီယိုဟာ မောင်အိုလံပီယာ သရဖူ ၃ ကြိမ်အပြင် မောင်ကမ္ဘာ၊ မောင်စကြ၀ဠာ၊ မောင်အိုလံပတ်စ် (Mr. Olympus) ဘွဲ့များကိုလည်း ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ အသက်အရွယ်ကြီးလာသော်လည်း အားကစားစိတ်ဓာတ် အပြည့်အ၀ဖြင့် ၁၉၈၀ ပြည့်လွန်နှစ်များမှာ မောင်အိုလံပီယာပွဲများမှာ ဆက်လက်ယှဉ်ပြိုင်ခဲ့ပါတယ်။
လယ်ရီ-စကော့ (LARRY SCOTT)
 လယ်ရီကတော့ မောင်အိုလံပီယာပြိုင်ပွဲမှာ ပထမဆုံးငွေ ဒေါ်လာ ၁၀၀၀ ကို (၂)နှစ်ဆက်တိုက် ဆွတ်ခူး နိုင်ခဲ့တဲ့ ပထမဆုံး မောင်အိုလံပီယာ ဖြစ်ပါတယ်။ သူဟာ မောင်အမေရိက၊ မောင်စကြာဝဠာနဲ့ မောင်အိုလံပီယာ သရဖူ (၃)ခုကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ကာယဗလမောင်လည်း ဖြစ်ပါတယ်။
ကာယဗလမောင် လူချော စတီးဖိ-ရီးဖ် ရဲ့ နောင်ပိုင်းခေတ်မှာတော့ လယ်ရီဟာ အချောအလှဆုံး ကာယဗလ မောင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ကာယဗလမောင်တွေထဲမှာ အရပ် ၅ပေ ၈လက်မသာရှိသော်လည်း ကြွက်သားများ ကြီးထွားပြီး ပခုံးအိုးများ လှပသည့်အထဲမှာ ၂၀လက်မ လက်မောင်းပိုင်ရှင် ဖြစ်ခဲ့ပါတယ်၊ ကိုယ်ဟန်ပြတဲ့ နေရာ တွေမှာ အလွန်လှပပြီး သူ့ရဲ့အားနည်းချက် တွေကို အားကောင်းချက် ဖြစ်လာအောင် ကိုယ်ဟန်ပြတတ်တဲ့ အတွက် နာမည် ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။
အမေရိကန် ကာယဗလသမားတွေထဲမှာ ကမ္ဘာ့နိုင်ငံ အနှံ့အပြား လှည့်လည်ပြီး ဟောပြောဆွေးနွေးခြင်းနဲ့ ကိုယ်ဟန်ပြခြင်းတို့ကို ဆုကြေးငွေ ယူပြီးပြသခြင်းကို လမ်းစပြခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လဲ မောင်အိုလံပီယာ သရဖူရစဉ်က ဒေါ်လာ၁၀၀၀သာ ရခဲ့ပေမယ့် သူရဲ့ကာယဗလ အလှနဲ့အောင်မြင်မှုကို ကောင်းစွာအသုံးချတတ်သူ တစ်ဦးဖြစ်ခဲ့တဲ့အတွက် ဒေါ်လာ တစ်သိန်းတန် အလေးမ အားကစားရုံပိုင်ရှင်တစ်ဦးဘ၀ အတိ အောင်မြင်မှု ရရှိလာခဲ့သူ ဖြစ်ပါတယ်။
လယ်ရီစကော့ဟာ မောင်အိုလံပီယာ နှစ်ကြိမ်ဗိုလ်စွဲခဲ့ပြီး အနားယူကာ သူ့ရဲ့ ကာယဗလလေ့ကျင့်နည်း လမ်းညွှန်တွေကို ထုတ်ဝေရောင်းချခဲ့ရာမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။
ဖရန်ကို-ကိုလံဘူ  (FRANCO COLUMBU)
ဖရန်ကိုဟာ အီတလီ ဇာတိဖွားဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ အမေရိကန်နိုင်ငံသား ဖြစ်နေပါပြီ။ သူ့ကို ငယ်စဉ်က အီတလီနိုင်ငံ ကဆာဒီးနီးယား ကျွန်းကလေးမှာ နွမ်းပါးတဲ့ မိသားစုက မွေးဖွားခဲ့ပါတယ်။ ငယ်စဉ် သိုးကျောင်းသားတောင် လုပ်စားခဲ့ရတယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ သူရဲ့ကြိုးစားမှုဇွဲကြောင့် အမေရိကန်မှာ ခြေထောက်တု ဆရာဝန်တစ်ဦးအဖြစ်နဲ့ရော၊ အာဟာရဗေဒ ပါရဂူတစ်ဦးအဖြစ်နဲ့ရော၊ မောင်အိုလံပီယာ တစ်ဦးအနေနဲ့ရော အောင်မြင်မှု ရနေသူ ကာယဗလမောင် တစ်ဦးဖြစ်နေပါပြီ။
ဖရန်ကိုဟာ ကာယဗလကို ၀ါသနာ ပါလွန်းတဲ့အတွက် ရေသစ်မြေသစ်ရှာဖို့ အနောက်ဂျာမနီကို ထွက်ခွာလာခဲ့ပြီး မော်တော်ကား စက်ရုံတစ်ခုမှာဝင်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ ဒီမှာ သူဟာ အာနိုးနဲ့စတွေ့ပြီး ကစားဖော်ကစားဖက်နဲ့ လည်ပင်းဖက် သူငယ်ချင်းတွေ စဖြစ်ခဲ့ပါတယ်။
ဖရန်ကိုဟာ မူလက ၁၉၆၄ခုနှစ် အီတလီနိုင်ငံရဲ့ လက်ဝှေ့ ချန်ပီယံတစ်ဦးဖြစ်ခဲ့ပါတယ်။ ခွန်အားပိုရှိလာအောင် အလေးကစားရင်းနဲ့ ကာယဗလသမားနဲ့ အလေးမသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာကျော် ကာယဗလမောင်တွေ ထဲမှာတော့ ကိုလံဘူဟာ အားအသန်ဆုံး မောင်တစ်ဦး ဖြစ်ပါတယ်။
ကိုလံဘူဟာ ၁၉၇၉ ခုနှစ်၊ ၁၉၈၁ ခုနှစ်တွေမှာ မောင်အိုလံပီယာ နှစ်ကြိမ်ရရှိခဲ့ပါတယ်။ ကိုလံဘူရဲ့ ထူးခြားမှုကတော့ ဇွဲနဘဲနဲ့ လေ့ကျင့်ခြင်း ဖြစ်ပါတယ်။ ထူးခြားမှုကတော့သူ့ရဲ့အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက် ဟာ ကာယဗလ သမားကောင်း ဖြစ်လာစရာအကြောင်း မရှိတဲ့ပုံစံပါ။ ဒါပေမယ့် သူ့ကြွက်သားတွေ ကြီးထွားပြတ်သား ပေါ်လွင်အောင် အပြင်းအထန် လေကျင့်ခဲ့ပြီး ကိုယ်နဲ့လိုက်တဲ့ ကိုယ်ဟန်ပြတတ်မှု အတတ်ပညာပါကောင်းလို့ အောင်မြင်ခဲ့သူဖြစ်ပါတယ်။
ဘီယ်-၀ါးလ် (BILL PEARL)
  ကမ္ဘာ့ကာယဗလလောကကို ၁၉၅၃ ခုနှစ်နဲ့ ၁၉၇၁ ခုနှစ်အကြား အနှစ်၂၀နီးပါး ပိုင်ပိုင်နိုင်နိုင် လွှမ်းမိုးနိုင်ခဲ့တဲ့ ကာယဗလသမား တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကာယဗလလောကမှာ တစ်နှစ်အတွင်း အံ့သြစရာ အကောင်းဆုံး အောင်မြင်မှုတွေ ဆက်တိုက်ရခဲ့တဲ့ ကာယဗလမောင် တစ်ဦးလဲဖြစ်ခဲ့ပါတယ်။
ဘီယ်-ပါးလ်ဟာ ၁၉၅၃ ခုနှစ် တစ်နှစ်တည်း အတွင်းမှာ မောင်ကာလီဖိုးနီးယား၊ မောင်အမေရိကနဲ့ အပျော်တမ်း မောင်စင်္ကြာဝဠာ ပြိုင်ပွဲတွေမှာ အံ့သြစွာ ဗိုလ်စွဲခဲ့သူဖြစ်ပါတယ်။
၁၉၅၆ ခုနှစ် ဆုကြေးစား မောင်စင်္ကြာဝဠာ ပြိုင်ပွဲမှာ ဘီလ်ဟာ ဂျက်ဒီလင်ဂျာကို ရှုံးခဲ့ပေမယ့် ၁၉၆၁ ခုနှစ်နဲ့ ၁၉၆၇ ခုနှစ်တွေမှာ ဆုကြေးစား မောင်စကြ၀ဠာဘွဲ့တွေ ထပ်ရခဲ့ပါတယ်။ ဒီထက်ပိုပြီး အံ့သြစရာ အကောင်းဆုံးကတော့ ၁၉၇၁ ခုနှစ် လန်ဒန်ဆုကြေးစား မောင်စကြ၀ဠာပြိုင်ပွဲမှာ ဘီလ်ပါးလ်ဟာ အဲဒီအချိန်က ကမ္ဘာမှာ အကောင်းဆုံးလို့လက်ခံထားတဲ့ ဆာဂျီယိုကို ထိပ်တိုက်ရင်ဆိုင်ပြီး အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဘီလ်ပါးလ်ဟာ ကာယဗလ လေကျင့်မှုအတွက် သူ့ကိုသူ အမြဲသုတေသန စမ်းသပ်ပြီး လေကျင့်တတ် ပါတယ်။ ၁၉၅၃ ခုနှစ်မှာ မောင်အမေရိက ဘွဲ့ရခဲ့တုန်းက ဘီလ်ရဲ့ ကိုယ်ရဲ့အလေးချိန်ဟာ ပေါင်၂၀၀တောင် မပြည့်ခဲ့ ပါဘူး။ ဒါပေမယ့် ၁၉၇၁ ခုနှစ်မှာ ကိုယ်အလေးချိန်ကို ပေါင် ၂၄၀အထိလည်းကောင်း တင်ကစားပြီးမှ ကြွက်သား ကွဲပြားမှုလည်းရအောင် ကစားပြီး ချန်ပီယံသရဖူ ဆောင်းပြန်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့ ကာယဗလလောကမှာ ကာယဗလသမားတွေ ဆေးဝါးအကူအညီနဲ့ ပိုပြီးကြီးထွားလာတယ်လို့ အပြောခံခဲ့ပေမယ် ဘီလ်ဟာ ဘာဆေးမှမကူဘဲ ဦးနှောက် ဇွဲနဲ့ အလေးတွေကိုပဲ အားကိုးပြီး ကြီးထွားအောင် ကစားခဲ့တယ်လို့ ဂုဏ်ယူသူလဲ ဖြစ်ပါတယ်။
ဂျွန်-ဂရင်းမက် (John Grimek)
 ခေတ်သစ် ကမ္ဘာ့ကာယဗလ သမိုင်းမှာ ပထမဆုံးအထူး ကျော်ကြားခဲ့တဲ့ ကာယဗလမောင်ကြီး ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းလာခဲ့တဲ့ ချက်ကိုစလိုဗေကီးယား အမျိုးနွယ်ဖွား မိသားစုတစ်စုမှ ပေါက်ဖွားလာသူ တစ်ဦး ဖြစ်ပါတယ်။
အသက် ၁၈နှစ်အရွယ် ကိုယ်အလေးချိန် ၁၈၅ပေါင်သာ ရှိတဲ့ ပိန်ပိန်ပါးပါး လူငယ်လေး တစ်ဦးဘ၀မှာ အစ်ကိုဖြစ်သူရဲ့ အလေးတွေနဲ့ စကစားရင်းက နောက်တော့ ကိုယ်အလေးချိန် ပေါင်၂၀၀၀န်းကျင်မှာ ကမ္ဘာမှာရှိရှိသမျှ ထိတ်ထိတ်ကျဲ၊ မောင်ပြိုင်ပွဲတွေ မှန်သမျှမှာ အနိုင်ရ ဗိုလ်စွဲခဲ့သူ ဖြစ်လာခဲ့ပါတယ်။
ဂရင်းမက်ဟာ ၁၉၃၆ ခုနှစ် ဘာလင်အိုလံပစ်မှာ အမေရိကန် အလေးမအသင်းမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၄၀ ပြည့်နှစ်မှာ၊ ၄၁ ခုနှစ်တွေမှာ မောင်အမေရိကသရဖူ ကို နှစ်ကြိမ် ဆက်တိုက် ဆောင်း ခဲ့သူဖြစ်ပါတယ်။
၁၉၄၈ ခုနှစ် လန်ဒန်အိုလံပစ်နဲ့ တွဲပြီးကျင်းပခဲ့တဲ့ လန်ဒန်မောင် စကြ၀ဠာပြိုင်ပွဲမှာ စတီးဖိရီးဖ်ကို အနိုင်ရခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် အမေရိကန် ပြည်ထောင်စုမောင် (မောင်ယူအက်စ်အေ) ပြိုင်ပွဲမှာကလဲ ရင့်စ်ရော့စ်နဲ့ စတီးဖ်ဗ်တို့ကို့ အနိုင်ရ ဗိုလ်စွဲခဲ့ပြန်ပါတယ်။
ဂရင်းမက်ဟာ ခွန်အားသန်သလောက် ကြွက်သားဖွံ့ဖြိုးကြီးထွားပြီး ကြွက်သားများလည်း ပေါ်လွင်လှပ ပါတယ်။ အဲ့ဒါတွေထက် ပိုပြီးထူးတဲ့ အရည်အချင်းကတော့ သူမယှဉ်သာအောင် လှပညက်ညောပြီး အနုပညာ ဆန်လှတဲ့ ကိုယ်ဟန်အလှပြခြင်း အတတ်ပညာဖြစ်တယ်လို့ သမိုင်းတွင်ကျန်ရစ်ပါတယ်။ ဂရင်းမက်စ်ဟာ ကာယဗလ လောကမှာ ရှုံးပွဲမရှိအနားယူသွားတဲ့ ကမ္ဘာ့ကျော်ကာယဗလ ချန်ပီယံဖြစ်ပါတယ်။
ဂျွန်ဂရင်းမက်စ်ဟာ Muscular Development ကာယဗလ ဂျာနယ်ရဲ့ အယ်ဒီတာချုပ်အဖြစ် အသက်(၈၀) အရွယ်အထိ တာဝန်ထမ်းဆောင်ခဲ့်ပါတယ်။ ဂရင်းပက်စ် အကောင်းဆုံးအချိန်က သူ၏ကိုယ်ဟန် ပြပုံများသည် မဂ္ဂဇင်း ၁၀၀ကျော်၏ မျက်နှာဖုံးများတွင် ဖော်ပြခြင်းခံခဲ့ရသည်ဟု ဆိုပါတယ်။
ရက်ခ်ျ-ပက်ခ် (REG PARK)
ဗြိတိန်နိုင်ငံဖွား ဖြစ်သော်လည်း  တောင်အာဖရိကနိုင်ငံမှာ အခြေစိုက်နေထိုင်ပြီး အလေးမနဲ့ ကာယဗလ ပစ္စည်းများ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။
ရက်ခ်ျဟာ ဗြိတိန်နိုင်ငံရဲ့ အကောင်းဆုံး ကာယဗလမောင် တစ်ဦးသာ မဟုတ်ဘဲ ကမ္ဘာ့ကာယဗလ လောကမှာ ထိပ်ဆုံး ဂန္တ၀င်မောင်တစ်ဦးလဲ ဖြစ်ပါတယ်။
သူဆွတ်ခူးခဲ့တဲ့ မောင်သရဖူတွေထဲမှာ မောင်ဗြိတိန်၊ မောင်ဥရောပ၊မောင်ကမ္ဘာ၊ မောင်တောင် အမေရိက၊ မောင် စကြ၀ဠာဘွဲ့တွေ ပါဝင်ပါတယ်။
၁၉၅၀ ပြည့်နှစ် မောင်ဗြိတိန် ရခဲ့ပြီး အဲဒီနှစ်လန်ဒန် မောင်စကြ၀ဠာ ပြိုင်ပွဲမှာ စတီးဖ်ရီးဖ်ကို ကပ်ရှုံးခဲ့ပါတယ်။ ဒါပေမယ့်၁၉၅၁ ခုနှစ်မှာ သူဟာ မောင်စကြ၀ဠာဘွဲ့ ရခဲ့ပြီးကတည်းက ကမ္ဘာ့ကာယဗလ ပြိုင်ပွဲလောကမှာ အနှစ်၂၀နီးပါး ပြိုင်စံကင်းခဲ့ပါတယ်။ ပြီးတော့ သူဟာ အပျာ်တမ်းနဲ့ ဆုကြေးစား မောင်စကြ၀ဠာ သရဖူတွေကို ၃ထပ်ကွမ်း ပထမဆုံး ရရှိခဲ့တဲ့ ကာယဗလသမား ဖြစ်ပါတယ်။
ရက်ခ်ျ-ပက်ခ်ဟာ အရပ်ခြောက်ပေလောက်မြင့်ပြီး ကိုယ်ကာယဗလ ကြီးထွား ခံ့ညားပြီး အားနည်းတဲ့ ကြွက်သား ဘာမှမရှိဘူးလို့ ပြောစမှတ်ပင် ပြုလောက်တဲ့မောင်တစ်ဦးဖြစ်ပြီး ခွန်အားလည်း အလွန်သန်သူ တစ်ဦး ဖြစ်ပါတယ်။ ပေါင်၅၀၀ အလေးကို ပက်လက်အိပ် တွန်းတင်လုပ်နိုင်ရာမှာ တတိယမြောက်ကာယဗလမောင် ဖြစ်ခဲ့ပါတယ်။
ရက်ခ်ျဟာ ၁၉၆၀ ပြည့်နှစ် ၀န်းကျင်မှာ ဟာကြူလီမင်းသားအဖြစ် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ခဲ့ရာမှာ အောင်မြင်မှုရခဲ့ပြန်ပါတယ်။  အာနိုး အားကျခဲ့ရတဲ့ ကာယဗလမောင်တွေထဲမှာ သူလည်း တစ်ဦး အပါအ၀င်ဖြစ်သလို အာနိုးကို လိုအပ်တဲ့ အကြံညဏ်တွေ ကူညီပေးခဲ့တဲ့ အင်မတန်မှ သဘောထားကောင်းတဲ့ မောင်တစ်ဦး ဇြစ်ပါတယ်။
ကျွန်တော် အခု တင်ဆက်ပေးခဲ့တဲ့ အဟောင်းထဲမှ အကောင်းဆုံး(၁၀)ဦးဆောင်းပါး ပါ မောင်များသည် ဖတ်ရှု သူများနှင့် သဘောထား ချင်းတိုက်ဆိုင်မှု ရှီချင်မှ ရှိပါလိမ်မည်။ သို့သော်လည်း ယခု ဆောင်းပါးသည် ပရီသတ်များအတွက် ဗဟုသုတ အဖြစ်တော့ အသုံးတည့် မည် ထင်ပါသည်။


အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com




No comments:

Post a Comment