arial" action="like" colorscheme="light">

Sunday, February 23, 2014

မြန်မာ့ဂုဏ်ဆောင် မေသွယ်မောင်

ဒီတစ်ခေါက် MYMSTAR အစီအစဉ် အတွက် မိတ်ဆက် ပေးချင်တဲ့ သူကတော့ အမေရိကန် ပြည်ထောင်စု၊ Oklahoma မြို့မှာ နေထိုင်တဲ့ မြန်မာ ပြည်ဖွား fitness model တစ်ဦး ဖြစ်တဲ့ မေသွယ်မောင် (May T. Maung) ပဲဖြစ်ပါတယ်။ May T. Maung က၂၀၀၄ ခုနှစ် ကတည်းက fitness competition တွေစတင် ယှဉ်ပြိုင် ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ် မှာတော့ National Physique Committee (NPC), USA ကကျင်းပတဲ့ Europa Expo 2012 ပြိုင်ပွဲမှာ Bikini Division ကနေ ဝင်ပြိုင် ပြီးတော့ ဒုတိယဆု ရခဲ့တဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ model စလုပ်ချင် ခဲ့တာ ကတော့ ၂၀၀၆ ခုနှစ်တုန်းက Oxygen fitness magazine မှာ featured အလုပ် ခံရပြီး ကတည်းက ဖြစ်ပါတယ်လို့ အင်တာဗျူး တစ်ခုမှာ ဆိုထား ပါတယ်။ ဒီလိုမျိုး May T. Maung တစ်ယောက် ဆုတွေ ဆွတ်ခူး နိုင်ခဲ့အောင်၊ ကိုယ်ဝါသနာ ပါတဲ့ fitness model တစ်ယောက် အဖြစ် အောင်မြင်အောင် ဘယ်လိုတွေ ကြိုးစားခဲ့ သလဲ ဆိုတာကို သိရအောင် သူ့ကို Facebook ကနေတဆင့် အင်တာဗျူး ဖြစ်ခဲ့ ပါတယ်။ သူ့ရဲ့ အစားအသောက် ပုံစံတွေ၊ training routines တွေက fitness and bodybuilding ကိုစိတ်ဝင် စားတဲ့ ကျွန်တော်တို့လို လူငယ်တွေ အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။

၁။ ပထမဆုံး May T. Maung ကိုစာဖတ်သူတွေ ရင်းနှီး သွားအောင် နည်းနည်းလောက် မိတ်ဆက် ပေးပါဦး။ A: မင်္ဂလာပါ။ လက်ရှိ နေထိုင် နေတာ ကတော့ Oklahoma City, United States ဖြစ်ပြီး နာမည်ရင်း ကတော့ မေသွယ်မောင်ပါ။ Fitness model နဲ့ fitness competitor တစ်ဦး ဖြစ်တဲ့အပြင် healthcare administrator တစ်ဦးဖြစ်ဖို့ University of Oklahoma, Health and Sciences Center မှာ Master Degree program ကိုအချိန်ပိုင်း တက်ရောက် နေတဲ့ ကျောင်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။ Oklahoma Blood Institute က screening and blood specimen testing laboratory မှာလည်း လက်ထောက် ကြီးကြပ် ရေးမှူး (Assisting Supervisor) အဖြစ် လုပ်ဆောင် နေပါတယ်။
၂။ အစ်မက Bodybuilding & Fitness ကိုဘယ်အချိန် ကတည်းက စလုပ်ခဲ့ တာပါလဲ။ အခက်အခဲ တွေရော ရှိခဲ့ပါ သလား။ ပြီးတော့ မိသားစုဝင် တွေနဲ့ သူငယ်ချင်း တွေကရော အစ်မကို အားပေး ခဲ့သလား။ A: အစ်မက လွန်ခဲ့တဲ့ ၁၀နှစ်လောက်က bodybuilder သူငယ်ချင်း တွေဆီကနေ Bodybuilding နဲ့ Fitness ကိုစပြီး သိခဲ့တာပါ။ ၂၀၀၄ ခုနှစ်က အစ်မရဲ့ ပထမဆုံး bodybuilding competition ပြီးတဲ့ နောက်မှာ အစ်မ သိလိုက် တာက နောက်တစ်ခေါက် ထပ်ပြိုင်ချင် သေးတယ် ဆိုတာပါပဲ။ ၂၀၀၆ ခုနှစ် ကောလိပ် ပြီးတဲ့အချိန် ကစပြီး နောက်တစ်ခါ စင်ပေါ် တက်ရအောင် ဆိုပြီး သေသေချာချာ ပြင်းပြင်းထန်ထန် စပြီး လေ့ကျင့် ခဲ့ပါတယ်။ မိသားစုနဲ့ သူငယ်ချင်း တွေကလည်း အစ်မကို အစစ အရာရာ အားပေးနေကျ ဆိုတော့ bodybuilding စလုပ် တော့လည်း သူတို့ အများကြီး အားပေး ခဲ့ပါတယ်။ အစ်မ ဘဝမှာ သူတို့တွေ ရှိနေတဲ့ အတွက် ကိုလည်း အများကြီး ကျေးဇူးတင် မိပါတယ်။
၃။ Bodybuilder တစ်ယောက်နဲ့ Fitness model တစ်ယောက်က ဘယ်လို ကွာခြားချက် တွေများ ရှိပါသလဲ။ ပြီးတော့ အစ်မရဲ့ ရည်မှန်းချက် ကရော ဘာဖြစ်မလဲ။ A: အစ်မကို အများအားဖြင့် bodybuilder တစ်ဦးအဖြစ် သတ်မှတ် ကြမှာပါ။ ဒါပေမယ့် bodybuilding မှာအပိုင်းတွေ အများကြီး ရှိပါတယ်။ ဥပမာ ပြောရရင် အစ်မ ဝင်ပြိုင်ခဲ့ တာတွေဆို bikini division ကနေ ဝင်ပြိုင်ခဲ့ တာပါ။ ဒီ division ကပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင် ရမှာက "Fitness model" တစ်ဦးရဲ့ သွယ်လျ ကျစ်လစ် တောင့်တင်းတဲ့ ခန္ဓာကိုယ်မျိုး ဖြစ်ပြီး မိန်းမဆန် ပါသေးတယ်။

၎။ လူတစ်ဦးရဲ့ အစားအသောက် ပုံစံကရော Fitness & Bodybuilding မှာဘယ်လောက် အရေးပါ ပါသလဲ။ A: အစားအသောက် ပုံစံက အရေး အပါဆုံး အရာလို့ ပြောလို့ ရပါတယ်။ မှန်ကန်တဲ့ စားသောက်မှု ပုံစံ မရှိရင် ဘယ်လောက်ပဲ အားကစား လုပ်လုပ် အလကားပဲ ဖြစ်မှာပါ။ Bodybuilder တစ်ယောက် ဖြစ်ဖို့ ဆိုတာ ကြိုးစား အားထုတ်မှုတွေ၊ စိတ်ဓါတ် ခိုင်မာပြီး ပြတ်သားတဲ့ ရည်မှန်းချက် ရှိဖို့ အများကြီး လိုအပ် ပါတယ်။ လောကမှာ တန်ဖိုးရှိတဲ့၊ လိုအပ်တဲ့ အရာတွေ အားလုံးက ဘယ်တော့မှ လွယ်လွယ် ကူကူ ရောက်လာလေ့ မရှိဘူး ဆိုတာ မှတ်ထား ရမှာပါ။
၅။ အစ်မကို အခုလို ကျစ်လစ် တောင့်တင်းတဲ့ ခန္ဓာကိုယ် ရလာ စေတဲ့ အစ်မရဲ့ အားကစား လုပ်နေကြ ပုံစံ (Workout Routine) နဲ့အစားအသောက် ပုံစံကိုလည်း ပြောပြ ပေးပါဦး။ A: အစ်မက ဖြစ်နိုင်ရင် နေ့တိုင်း အားကစား လုပ်ချင် တာပါ။ ဒါပေမယ့် အလုပ်တွေ အရမ်းများပြီး မအားလပ် တဲ့အတွက် ကိုယ့်စိတ်ကြိုက်တော့ အားကစား မလုပ် ဖြစ်ပါဘူး။ တစ်ပတ်လုံးမှာ အနည်းဆုံး cardio exercises လုပ်ချိန် ၄နာရီနဲ့ resistance training အတွက် ၃နာရီ ရှိပြီး အပတ်တိုင်း မပျက်မကွက်တော့ လေ့ကျင့် ဖြစ်ပါတယ်။ အသားဓာတ် (protein) အတွက် ကိုတော့ အဆီနည်းတဲ့ အသားတွေ၊ ငါး၊ poultry၊ ကြက်ဥအကာ (Egg White) နဲ့ whey protein powder တွေ စားလေ့ ရှိပြီး ကစီဓါတ် (carbohydrate) အတွက် ကိုတော့ oats၊ brown rice၊ whole wheat pasta၊ ကန်စွန်းဥ၊ အသီးအနှံ အမျိုးမျိုးနဲ့ ဟင်းသီး ဟင်းရွက်တွေစား ပါတယ်။ Almond butter၊ peanut butter၊ raw almonds၊ ထောပတ်သီးနဲ့ extra virgin coconut oil တွေကတော့ အစ်မ အကြိုက်ဆုံး healthy fats တွေပါ။ ဟင်းတွေ ချက်ပြုတ် တဲ့အခါ coconut oil cooking spray သုံးရတာ သဘောကျ ပါတယ်။ ပြီးတော့ ဟင်းချက် တဲ့အခါ ဘယ်တော့မှ ဆားသုံးလေ့ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ဆားက လူ့ခန္ဓာကိုယ် ထဲမှာ ရေဓါတ် အများကြီး သိုလှောင် ထားနိုင် လို့ပါ။ မှန်ကန်တဲ့ အစားအသောက် အလေ့အထ ဖြစ်ဖို့ဆိုရင် ဘယ်အရာ ကိုမှ အလွန်အကျွံ မစားမိဖို့၊ ချင့်ချိန်ပြီး စားသောက်ဖို့က အဓိက ကျပါတယ်။ ပြီးတော့ နေ့တိုင်း ရေများများ သောက်ဖို့ ကလည်း လိုအပ် ပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒါက calorie burn တာကို အားပေးပြီး အသားအရေ လှပ ဖို့လည်း ကူညီပေး လို့ပါ။
၆။ အစ်မ အနေနဲ့ ဖြည့်စွက် အစားအစာတွေ (supplements) တွေရော မှီဝဲပါ သလား။ Supplement မှီဝဲခြင်း အပေါ်ကိုရော ဘယ်လိုမြင် ပါသလဲ။ A: အဓိက အနေ နဲ့တော့ နေ့စဉ် ပုံမှန် အားကစား လုပ်ရာမှာ အကူအညီ ရအောင် pre-workout supplements တွေတော့ သုံးလေ့ ရှိပါတယ်။ ဒါပေမယ့် အခုလို whey protein, creatine စတဲ့ supplements တွေသုံးခြင်း၊ မသုံးခြင်းက ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်ဖို့ (ဥပမာ- ပိန်ချင်တာ (lean) ပဲဖြစ်ဖြစ်၊ ဝချင်တာ (mass gain) ပဲဖြစ်ဖြစ်) အဓိက ကျတဲ့ နေရာ ကနေ မပါဝင် ပါဘူး။ အမြဲတမ်း သတိပြု ရမှာက သဘာဝ အစား အသောက်တွေ (wholefoods, unprocessed foods) တွေကပဲ ခန္ဓာကိုယ် အတွက် အကောင်းဆုံး ဖြစ်တယ် ဆိုတာပါ။ Processed လုပ်ထားတဲ့ အစားအသောက် တွေကို ရှောင်ခြင်းနဲ့ သဘာဝ အစားအစာ တွေကို စားသုံးခြင်း တို့ထက် ခန္ဓာကိုယ် အတွက် ပိုကောင်းတဲ့ အရာ မရှိပါဘူး။


၇။ အခု နောက်ပိုင်း natural bodybuilding ဆိုပြီး လူပြောများ လာကြ ပါတယ်။ Natural bodybuilding ဆိုတာ ဘာပါလဲ။ Supplements တွေအသုံးပြုခြင်း ကရော natural bodybuilding အပေါ် မလိုလား အပ်တဲ့ သက်ရောက်မှုတွေ ရှိပါသလား။ A: Natural bodybuilding မှာ bodybuilders တွေအနေနဲ့ သဘာဝထက် ကျော်လွန်ပြီး အကျိုး သက်ရောက် စေတဲ့ steroids, အင်ဆူလင် (insulins), ကြီးထွား စေသော ဟော်မုန်းတွေ (human growth hormone) စတာ တွေကို လုံးဝ သုံးစွဲခြင်း မရှိရ ပါဘူး။ ဒါပေမယ့် whey protein powder၊ creatine၊ glutamine စတဲ့ supplement ကတော့ နေ့စဉ် စားသောက်နေတဲ့ အစားအစာ တွေထဲမှာလည်း ပါဝင်တဲ့ အတွက် သဘာဝ ပစ္စည်းတွေ အဖြစ် သတ်မှတ် ပြီးတော့ သုံးစွဲလို့ ရပါတယ်။
၈။ အစ်မက ၂၀၁၂ ခုနှစ်က Europa Bikini fitness competition မှာဒုတိယဆု ရခဲ့တယ်လို့ သိရ ပါတယ်။ အဲဒီအတွက် အစ်မအစား ဂုဏ်ယူမိ ပါတယ်။ အဲဒါက အစ်မရဲ့ ပထမဆုံး ပြိုင်ပွဲလား။ အခုလို ဆုရတဲ့ အထိ အောင်မြင်အောင် ပြိုင်ပွဲ အတွက် အစ်မ ဘယ်လို ပြင်ဆင်မှုတွေ လုပ်ခဲ့ရ ပါသလဲ။ A: ကျေးဇူး တင်ပါတယ်။ ဒါက တကယ်တော့ ပထမဆုံး ပြိုင်ပွဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အစ်မက အဲ့ပြိုင်ပွဲ မတိုင်ခင် fitness competitions တွေဝင်ပြိုင် တာကို ရပ်ထားတာ ၅နှစ်လောက် ရှိပြီ ဆိုတော့ ဒါက ပထမဆုံး bikini division မှာပြန်ပြိုင်တဲ့ ပြိုင်ပွဲပါ။ ပြီးတော့ အဲ့ပွဲက တခြား ပြိုင်ပွဲဝင်တွေ အကုန်လုံး ကလည်း အရမ်း လှနေပြီး ခက်ခဲတဲ့ ပြိုင်ပွဲ တစ်ခု ဆိုတော့ ဒုတိယဆု ရတဲ့အခါမှာ အရမ်းပျော်ပြီး တော်တော်ကို စိတ်လှုပ်ရှား နေခဲ့တာပါ။ ပြိုင်ပွဲ အတွက် ပြင်ဆင်ခဲ့တဲ့ အချိန်ကာလ ကတော့ ၁၂ပတ် (၃လ) ကြာမြင့် ပါတယ်။ တစ်ပတ်ကို ၆ရက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ ရတာပါ။ မနက်တိုင်း မိနစ်၃၀ cardiovascular exercise၊ Olympic sized ရေကူးကန်မှာ ၁၅ခေါက် (15 Laps) နဲ့ resistance training အတွက်က မိနစ်၃၀ ကနေ ၄၅မိနစ် အထိ အချိန်ပေးပြီး လေ့ကျင့် ခဲ့တာပါ။ အစားအသောက် ကတော့ အဆီနည်းနည်း (low fat), အသားဓါတ် များများ (high protein) နဲ့ကစီဓါတ် အနည်းငယ် (moderate amount of carbs) ပါဝင်ပြီး သတ်မှတ် ထားတဲ့ အတိုင်း အတိအကျ စားသောက် ခဲ့ပါတယ်။
၉။ မိန်းကလေးတွေ အထူး သဖြင့်တော့ မြန်မာ မိန်းကလေး အများစုက အလေးမ ရမှာ ကြောက်ကြ ပါတယ်။ ဘာလို့လဲ ဆိုတော့ အများအား ဖြင့်တော့ ကျွန်တော်တို့ ကြားရတဲ့ အကြောင်းပြချက် တွေက ကြွက်သားတွေ အရမ်း ကြီးထွားလာပြီး မိန်းကလေး မဆန်တော့မှာ စိုးရိမ်လို့ ပါတဲ့။ အဲဒီအပေါ်ကို အစ်မရဲ့ အမြင်က ဘယ်လို ရှိပါသလဲ။ A: Performance enhancing drugs (ဆေး) တွေမသုံးဘဲ သဘာဝ အတိုင်း အားကစား လုပ်ရင် မိန်းကလေး တွေက ဘယ်လို နည်းနဲ့မှ ကြွက်သား အလွန်အမင်း မကြီးထွား နိုင်လို့ ယောက်ျား တစ်ယောက်နဲ့ တူသွားစရာ အကြောင်း မရှိပါဘူး။ ကြွက်သား ကြီးထွား စေဖို့ လုံလောက်တဲ့ ဟော်မုန်း (testosterone) ကို မိန်းကလေး တွေရဲ့ ခန္ဓာကိုယ်က သာမန် အားဖြင့် ထုတ်ပေးခြင်း မရှိလို့ပါ။ Resistance training (အလေးမခြင်း) ကိုသေသေ ချာချာ လေ့ကျင့် သွားတာက ကိုယ်အလေးချိန် ထိန်းသိမ်း ရာမှာ ကူညီ ပေးရုံတင် မကဘူး၊ စိတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိအောင်ပါ ကူညီ ပေးမှာပါ။ အနားယူ နေတဲ့ အချိန် မှာလည်း ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သား ၁ပေါင်တိုင်း အတွက် ကယ်လိုရီ ငါးဆယ် ပိုပြီးတော့ လောင်ကျွမ်းလေ့ ရှိပါတယ်။ အခုခေတ် မိန်းကလေး တွေဟာ ကိုယ့်ကိုယ်ကို ရပ်တည် နိုင်ရုံတင် မကဘူး၊ သန်မာပြီး ဆွဲဆောင်မှု ရှိကြပါတယ်။
၁၀။ အစ်မ လေးစား အားကျတဲ့၊ အကြိုက်ဆုံး bodybuilder ဒါမှမဟုတ် fitness model ရှိပါသလား။ A: အကြိုက်ဆုံး bodybuilder တို့၊ fitness model တို့ဆိုပြီး သတ်သတ် မရှိပါဘူး။ ဒါပေမယ့် အဲလို lifestyles မျိုးကို ရရှိဖို့ အတွက် ကြိုးစား နေတဲ့ သူတိုင်း၊ သူများ တွေကိုလည်း အဲလိုမျိုး ကြိုးစား လာအောင် တိုက်တွန်း နေတဲ့သူ တွေတိုင်းကို သဘောကျ နှစ်သက် ပါတယ်။
၁၁။ အစ်မလိုမျိုး fitness model တစ်ဦး ဖြစ်ဖို့၊ ဒါမှမဟုတ် bodybuilder တစ်ယောက် ဖြစ်ဖို့ ကြိုးစား နေတဲ့ သူတွေကို ပြောချင်တာများ ရှိပါသလား။ A: ကိုယ့်မှာ ရည်မှန်းချက် ရှိတယ်၊ အိပ်မက် ရှိတယ် ဆိုရင် ဘာပဲ ဖြစ်နေပါစေ ဖြစ်အောင် လုပ်ပါ။ သင်ဟာ ပုံပျက် နေတာပဲ ဖြစ်ပါစေ၊ အရမ်း ဝနေတဲ့ သူပဲ ဖြစ်နေပါစေ ဒါမှမဟုတ် ဘယ်လို စပြီး အားကစားလုပ်ရမယ် ဆိုတာကို နည်းနည်း လေးတောင် မသိတဲ့သူ ဖြစ်နေ ပါစေ အရေးမကြီး ပါဘူး။ ကိုယ်လုပ်ချင်တဲ့ အရာကို စလုပ်လိုက် ဖို့ပဲ အရေးကြီး တာပါ။ အခုချက်ချင်း စလိုက်ပါ၊ မသိတာ တွေကို သိတဲ့သူ တွေဆီက မေးပါ၊ ကိုယ်တိုင် လေ့လာပါ၊ စာအုပ်တွေ ဖတ်ပါ၊ fitness magazines တွေ ဖတ်ပါ၊ အင်တာနက်မှာ articles တွေကို ဖတ်ပါ။ ဘယ်အရာ မဆို ဖြစ်နိုင် ပါတယ်။ သင့်မှာ လုပ်ချင်တဲ့ စိတ်ရှိရင် ဖြစ်နိုင်တဲ့ နည်းလမ်း ဆိုတာ အမြဲရှိ ပါတယ်။
၁၂။ အစ်မကို အားကျတဲ့ သူတွေ၊ အစ်မရဲ့ ပရိသတ်တွေ fitness and bodybuilding နဲ့ပတ်သက်ပြီး အစ်မဆီက အကြံဥာဏ်တွေ တောင်းချင်တဲ့ သူတွေ အတွက် ဘယ်ကနေ ဆက်သွယ်လို့ ရပါသလဲ။ A: Facebook သို့မဟုတ် Instagram ကနေ "May T. Maung" လို့ရှာလို့ ရပါတယ်။ မေးထားတာ တွေကို ပြန်ဖြေ ပေးဖို့ အတွက် ကတော့ တစ်ခါတစ်လေ ကြန့်ကြာတာမျိုး ရှိနိုင်ပါတယ်၊ ဒါပေမယ့် မေးထား တာတွေကို အတတ်နိုင်ဆုံး မြန်မြန် ဖြေကြားပေး သွားမှာပါ။
၁၃။ အစ်မ အနေနဲ့ စာဖတ်သူ ပရိသတ် တွေကို ပြောကြား ချင်သေးတာ တွေများ ရှိပါသလား။ A: အစ်မကို အခုလို မြန်မာ သူငယ်ချင်းတွေ၊ မြန်မာ အသိုင်းအဝိုင်းနဲ့ ထိတွေ့ခွင့် ရအောင် စီစဉ်ပေး ခဲ့တဲ့ ဝေယံနဲ့ MYMSTAR program ကိုကျေးဇူးတင် ပါတယ်။ နောက်ထပ် သိချင်တာ တွေရှိလို့ မေးမြန်းလာ ရင်လည်း ဖြေကြားပေး သွားမှာပါ။ အခုလို ထပ်ပြီး တော့လည်း Myanmar fitness family (မြန်မာ အားကစား အသိုင်းအဝိုင်း)နဲ့ social media ကနေတစ်ဆင့် ဆုံတွေ့ခွင့် ရဦးမယ်လို့ မျှော်လင့် ပါတယ်။ ပြီးတော့ အင်တာဗျူးက မေးမြန်း ထားတာ တွေကို ဖြေကြားပေးဖို့ ကြန့်ကြာ နေတာတွေကို စိတ်ရှည်ရှည်နဲ့ စောင့်စား ပေးနေတဲ့ ဝေယံ့ကိုလည်း ကျေးဇူးတင် ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးပဲ နှစ်သစ်မှာ အောင်မြင်ခြင်း တွေနဲ့ ပြည်စုံ ကြပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ်။
စာဖတ်သူတွေကို တစ်ခုထပ်ပြောချင်တာက fitness နဲ့ပတ်သက်ပြီး မေးမြန်းချင်တာပဲ ဖြစ်ဖြစ် အလွယ်တကူ ရှာလို့ရအောင် သူ့ရဲ့ Facebook နဲ့ Instagram အတွက် link တွေကို ထည့်ပေးလိုက်ပါတယ်။ facebook | instagram | More Photos
 facebook ပေါ်မှသူငယ်ချင်းကိုWunna thantun ရှဲပေးထားတာလေးကိုပြန်တင်ဆက်ပေးလိုက်တာပါ။
မူရင်းတင်ဆက်ထားတဲ့ဆိုက်ကတော့-

http://www.mymclub.net ပါ။


MYMC Interview Team
Interviewer |
WaiYan
Editor -
Arluu
 ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---

Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com





No comments:

Post a Comment