arial" action="like" colorscheme="light">

Friday, December 14, 2012

ကာယဗလရဲ့ မဟူရာမင်းသား



ကျွန်တော်တို့myanmarfitness ဆိုက်မှာ တစ်ခါမှ သူ့အကြောင်းကို မရေးသားဖူးပါဘူး။ ဒါပေမယ့်လည်း စာဖတ်သူ ၀ါသနာရှင်တွေ အနေနဲ့ သိထားသင့်တယ်ထင်လို့ ကျွန်တော်ကြိုးစားပြီး ရေးသားပေးလိုက်ပါတယ်။ သူဟာ အာနိုး၊ ဖရင့်ဇိန်း တို့နှင့် ခေတ်ပြိုင် မောင်အိုလံပီယာ ပြိုင်ပွဲဝင်တစ်ဦး ဆိုရင်လည်း မမှားပါဘူး။ ကာယဗလ လောကမှာ တော့သူ့ကို လူမည်းမင်းသား လို့ခေါ်ဆိုကြတဲ့ လူမည်း ကာယဗလ သမား ရော်ဘီရော်ဘင်ဆင် ဖြစ်ပါတယ်။ သူဟာ ကာယဗလ အားကစားကို ရှုးသွပ်ခဲ့တဲ လူသားတွေထဲက လူသားတစ်ဦး ဆိုလည်း ဖြစ်ပါတယ်။ ကာယဗလ သမား မဖြစ်လာခင်က အပြေးချန်ပီယံ တစ်ဦး ပါ။ ဒီနေရာမှာ  ရော်ဘီ ရော်ဘင်ဆင် အကြောင်းမပြောခင် သူပထမဦးဆုံး သက်ကြီးတန်းမောင်အိုလံပီယာ ဆု ရရှိခဲ့တဲ့ သက်ကြီးတန်း မောင်အိုလံပီယာ ပြိုင်ပွဲ ဖြစ်ပေါ်လာပုံလေးကို အကျဉ်းချုပ် ပြောပြချင်ပါတယ်။ ပုံမှန်ကျင်းပမြဲဖြစ်တဲ့ မောင်အိုံပီယာ ပြိုင်ပွဲဟာ ကမ္ဘာ့ ကာယဗလ ၀ါသနာရှင်တွေ အတွက် စိတ်ဝင်စားစရာ ပြိုင်ပွဲကြီးတစ်ခု ဖြစ်ပါတယ်။ မောင်အိုလံပီယာ ပြိုင်ပွဲ ဖြစ်ပေါ်လာပုံကိုတော့ အရင်က ကျွန်တော် ရေးသားပြီးသားပါ။ ရှာဖွေ ဖတ်ရှု နိုင်ပါတယ်။ မောင်အိုလံပီယာ ပြိုင်ပွဲကို စတင် အသက်သွင်းပေးခဲ့တဲ့ ချန်ပီယံတို့ ရဲ့ဖခင်ကြီးကတော့ ဂျိုးဝီဒါ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂျိုး ၀ီဒါရဲ့ မောင်အိုလံပီယာ ပွဲဆိုပြီး ကင်ပွန်းတပ် သုံးစွဲနေကြတာ ဖြစ်ပါတယ်။ မောင်အိုလံပီယာ ပြိုင်ပွဲကို အသက်သွင်းပေးတဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့ ထိပ်သီး ပြိုင်ပွဲတွေမှာ ဗိုလ်စွဲ ခဲ့တဲ့ မောင်တွေဟာ ဆက်ပြိုင်စရာ မရှိတော့မှာစိုးလို့ အနားယူသွားကြတဲ့ ချန်ပီယံတွေ အတွက် ဆုကြေးစား ကာယဗလမောင်တွေကြားမှာ ဗိုလ်တကာ့ဗိုလ် ဆိုတဲ့ ဂုဏ်ပုဒ် ကို ပိုင်ဆိုင်နိုင်ရန် ရည်ရွယ်ပြီး အသက်သွင်းပေးခဲ့ပါတယ်။ ၁၉၈၀မှာ ထပ်မံပြီး မယ်အိုလံပီယာ ပြိုင်ပွဲကို အသက်သွင်းပေးခဲ့ပြီး ၁၉၉၄ ခုနှစ်မှာတော့ အများစိတ်ဝင်စားစရာ ပြိုင်ပွဲတစ်ခု ကို ထပ်မံတိုးချဲ့ ခဲ့ပါတယ်။ မောင်အိုလံပီယာ ပြိုင်ပွဲမှ အနားယူသွားကျြတဲ့ အသက်ကြီး မောင်အိုလံပီယာ ဟောင်းတွေကို ရည်ရွယ်ပြီး သက်ကြီး  မောင်  အိုလံပီယာ ပြှို်င်ပွဲတစ်ခုဖန်တီးပေးလိုက်ခြင်းပါပဲ။ သက်ကြီးတန်း မောင်အိုလံပီယာ ပွဲဟာ အသက်(၄၀) အထက် မောင်အိုလံပီယာ ပြိုင်ပွဲဝင်ဟောင်း တွေကို ရည်ရွယ်၍ ယှဉ်ပြိုင်စေပြီး အသက်(၄၀)အထက် မောင်အိုလံပီယာ ဘွဲ့ရသူများ ၊ အထူးဖတ်ကြားခံ၇သူများ ၊သက်ကြီးတန်းမောင်အိုလံပီယာ ပွဲမှာ သတ်မှတ်ထားတဲ့ ထိပ်ဆုံးအဆင့်ဝင်သူတွေသာ ယှဉ်ပြိုင်ခွင့်ရှိပြီး အစ ပထမတုန်းက အသက်(၄၅)လို့ သတ်မှတ်ထားပေမယ့်  တကယ့်လက်တွေ လေ့လာ ကြည့်လိုက်တဲ့အခါ အသက်(၄၅) မပြည့်သေးတဲ့ မောင်အိုလံပီယာ ဟောင်းတွေပါ ၀င်ရောက်နီုင်အောင် အသက်အရွယ်ကို (၄၀)အထက်လို့ ပြောင်းလဲလိုက်ပါတယ်။ သူရည်ရွယ်ချက်ကို ပြောကြားတာက “အသက်အရွယ်ကြီးပေမယ့် သူတို့မှာ စွမ်းအားတွေ ၊ ကစားအားတွေ ရှိသေးတယ် ဆိုတာကို ကျွန်တော်ယုံကြည်တယ် အဲဒါကြောင့် သူတို့ လို သက်ကြီးတန်း လူတွေ အတွက် သီးသန့် သဘောမျိုး လုပ်ပေးတာပါ”” သူ့ရဲ့ မျော်လင့်ချက် ရည်ရွယ်ချက်တွေ မှန်ကန်တယ်လို့ ပြောရမလို တော်တော်လေးကို ဆွဲဆောင်မှု ရှိခဲ့ပါတယ်။ ပထမဆုံး သက်ကြီးတန်း မောင်အိုလံပီယာ ပွဲမှာ ခရစ္စဒစ်ကာဆင် ၊ ဘွိုင်ယာကိုး ၊ မောင်စကြ၀ဌာဟောင်း လူပုလေး ဒင်နီပဒီလာ၊အပြည်ပြည်ဆိုင်ရာမောင် စကော့ဝီလ်ဆင် ၊ ၁၇ နှစ်ကြာ အနားယူရာမှ ၁၉၉၂ နှင့် ၁၉၉၃ မှာ (၂)နှစ်ဆက်တိုက် လူငယ်တွေနှင့် အပြိုင်မောင်အိုလံပီယာ ၀င်ခဲ့တဲ့ အာနိုးနှင့် ခေတ်ပြိုင် လူဖာရစ်နိုလ် စတဲ့ နာမည်ကြီး မောင်ဟောင်းတွေ ပါဝင်ခဲ့ပြီး အားလုံးက အဲဒီအချိန်မှာ အသက်(၄၀)ပြည့်ပြီးခါစ လူဖာရစ်နိုလ်ကို နံပတ် တစ်ပေးခဲ့ကြပါတယ်။ တကယ်လည်း လူဖာရစ်နိုလ် ဟာ အဲဒီအချိန်က သက်ကြီးမောင်အိုလံပီယာတွေကြားမှာ အနူတောက လူချော လို့ တင်စားရလောက်အောင် အင်မတန်ကောင်းမွန်တဲ့ ထုထည် ကိုယ်အလေးချိန် ပေါင်၃၀၀ကျော် အရပ် ၆ပေ ၅ လက်မ ၊ လက်မောင်း (၂၃)လက်မ နဲ့ အားလုံးထဲမှာ အကောင်းဆုံးလို့ ထင်ကြေးပေးပြီး သက်ကြီးမောင်အိုလ့ပီယာ ဆုကို ဆွတ်ခူးနိုင်မယ် လို့ထင်ခဲ့ပေမယ် ဘယ်သူမှမထင်မှတ်ထားတဲ့  သိုသိုသိပ်သိပ်နဲ့ ကြိတ်ပြီး ပြိုင်ခဲ့တဲ့  အသက်(၄၈)နှစ်ရှိ ရော်ဘီ ရော်ဘင်ဆင်က  ဗိုလ်စွဲခဲ့တယ်။ အဖြေရလဒ် ကို ပြောရရင်
၁။ ရော်ဘီရော်ဘင်ဆင် ( အမေရိကန်)
၂။လူဖာရစ်နိုလ်           (အမေရီကန်)
၃။ဘွိုင်ယာကိုး            (အမေရိကန်)
၎။ခရစ္စဒစ်ကာဆင်       (အမေရိကန်)
၅။အိုလက်စ်အင်းနပ်စ်    (အမေရိကန်)
၆။ဘော့ဗ်ဆီလေ          (အမေရိကန်) တို့ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော် ပထမဦးဆုံး သက်ကြီးမောင်အိုလံပီယာ ပွဲ ဖြစ်ပေါ်လာပုံ ကိုအကြမ်းမျဉ်း ဖော်ပြပေးတာပါ။ ဆက်လက်ပြီး ဆောင်းပါးရဲ့ အဓိက ဖော်ပြချင်တဲ့ အပိုင်းဖြစ်တဲ့ ရော်ဘီရော်ဘင်ဆင် အကြောင်းလေးကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။
    ပထမဆုံး သက်ကြီးတန်း မောင်အိုလံပီယာ
နာမည်ရင်း
    ရေဘတ် လီး ရော်ဘင်ဆင်
    (Robert Lee Robinson)

မွေးနေ့
    မေ 24 ရက်၊ 1946

ဇာတိ
    ဒမတ်စကပ်စ်မြို့၊ ဂျော်ဂျီယာပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
    (Damascus, Georgia)
နေရပ်
    အော်လ်ဆိုမြို့၊ နော်ဝေးနိုင်ငံ
    (Olso, Norway)

အရပ်
    5ပေ၊ 8 လက်မ

အကောင်းဆုံးပြိုင်ပွဲဝင် ကိုယ်အလေးချိန်
(Contest Weight)
    225 ပေါင် (1994)
    232 ပေါင် (1980 ပြည့်လွန်နှစ်များ)

ပြိုင်ပွဲဝင်ကာလ ကိုယ်အလေးချိန်
(Off- Season Weight)
    235 ပေါင်

ပထမဆုံးပြိုင်ပွဲ
    1969၊ ပစိဖိတ်ကမ်းခြေမောင်(Mr.Pacific Course) ပြိုင်ပွဲ၊   ဖလော်ရီဒါ၌ကျင်းပခဲ့ သော ထိုပြိုင်ပွဲတွင် ဒုတိယရခဲ့သည်။ ဒိုင်လူကြီးများက “အယ်လင်တန် ဒါဒင်” (Ellington Darden) ကို အနိုင်ပေးခဲ့သည်။ သို့သော်လည်း ပြိုင်ပွဲ အပြီးတွင် အယ်လင်တန်က ဆုဖလားကို ရော်ဘင်ဆင်၏ လက်ထဲသို့ လာ၍ပေးအပ်ခဲ့သည်။

အနိုင်ရခဲ့သော ပြိုင်ပွဲများ
(Major Contests)
1975 - AAU ဖလော်ရီဒါမောင်
1975 - AAU    မောင်အမေရိက
1975 - IFBB    မောင်ကမ္ဘာ
1975 - IFBB    မောင်အမေရိက
1976 - ABBA တံခွန်စိုက်မောင်
1976 - IFBB    အပြည်ပြည်ဆိုင်ရာမောင်
        (Mr. International)
1976 - IFBB    မောင်စကြ၀ဋ္ဌာ(မစ်ဒဲလ်ဝိတ်တန်း)
1978 - IFBB    ချန်ပီယံများ၏ မဟူရာညတံခွန်စိုက်ပြိုင်ပွဲ(Night of Champions)
1978 - IFBB ဆုကြေးစား ကမ္ဘာဖလားပွဲ(Pro World Cup)
1979 - IFBB    မစ္စဘတ် ဖိတ်ခေါ်ပြိုင်ပွဲမောင်(Pittsburg Pro Invutational)
1979 - IFBB    ချန်ပီယံများ၏ မဟူရာညတံခွန်စိုက်ပြိုင်ပွဲ
1979 - IFBB    ကမ္ဘာ့အကောင်းဆုံးပြိုင်ပွဲ
        (Best in World)
1982 - NAABA မောင်စကြ၀ဋ္ဌာ
1991 - IFBB    မွန်ထရီယဲလ်ပြိုင်ပွဲ
1994 - IFBB    သက်ကြီးတန်း မောင်အိုလံပီယာ(မှတ်ချက် ။  ။ အကျဉ်းချုပ်မျှသာဖြစ်သည်။)


အကြိုက်ဆုံးကာယဗလမောင်
    “ဒိုရီယံ ရိတ်စ်”
    “ဖလက်စ်ဝှီးလား” နှင့် “ပေါလ်ဒီလေး” တို့ကို မလေးမစား သဘောထား ပြောဆိုခြင်း မဟုတ်ပါ။ ဒိုရီယံ၏ ကိုယ်ခန္ဓာကို ကြည့်လိုက်လျှင် ပြင်းပြင်းထန်ထန် လေ့ကျင့်မှုကိုတွေ့မြင်နေရမည်။ ဒိုရီယံသည် ပြောသလိုလုပ်သူဖြစ်သည်။

ကိုယ်ရည်ကိုယ်သွေး အကြိုက်ဆုံး ကာယဗလမောင်
    “ဒိုရီယံ ရိတ်စ်”
    “မောင်အိုလံပီယာ တစ်ယောက်အနေနဲ့ ကျွန်တော် အလေးစားဆုံးသူဖြစ်ပါသည်။ သူဟာ ဟန်မလုပ်တတ်ဘူး။ ရိုးရိုးတည့်တည့်သမားဖြစ်ပါတယ်။ ကြောင်တိကြောင်တောင် ကိစ္စတွေနဲ့လည်း ကင်းရှင်းတယ်။

အာနိုးအပေါ်တွင် သူ့အမြင်
    “အာနိုးကို လေးစားရမယ်။ သူ့ကိုမနာလိုစရာအကြောင်း မရှိဘူး။ 1970 ပြည့်လွန်နှစ်တွေတုန်းက အာနိုး ကာယဗလလောကက အနားယူသွားပြီးတဲ့နောက်မှာလဲ သူ့ဆန္ဒနဲ့ ငတ်မွတ်မှုစိတ်ဓာတ်တွေကြောင့် အောင်မြင်ရမယ်ဆိုတာ မြင်သာခဲ့ပါတယ်။ အာနိုးကို ကျွန်တော် အချီးကျူးဆုံး အချက်တစ်ချက်ရှိတယ်။ ဘာလဲဆိုတော့ အာနိုးဟာ သူလုပ်ချင်တဲ့ အလုပ်တစ်ခုအပေါ်မှာ အာရုံစိုက်နိုင်တဲ့ အရည်အချင်းရှိတယ်။ ပြီးတော့ သူလုပ်ချင်တာကို ဖြစ်အောင်လဲလုပ်တယ်။ သူ့ဘ၀၊ သူ့ရှေ့ရေး ရေရှည်အာမခံချက် ပန်းတိုင်တွေထားပြီး အာရုံစိုက်ခဲ့တယ်။ သူ့ရည်မှန်းချက်တွေကို အကောင်အထည် ပေါ်လာအောင်လည်း လုပ်ယူခဲ့တယ်။”

ဖရင့်ဇိန်းအပေါ်တွင် သူ့အမြင်
    “ကျွန်တော် ကာယဗလပြိုင်ပွဲတွေက အနားယူသွားတဲ့ နောက်မှာ ဖရင့်ဇိန်းရဲ့ ကိုယ်လုံး အချိုးအစားနဲ့သူ့ကြွက်သားမျိုးတွေလို ဖြစ်ချင်ပါတယ်။ ပြိုင်ပွဲစင်မြင့်ပေါ်မှာ သူ့ဘေးမှာကပ်ပြီး ယှဉ်ရပ်ရတာဟာ စိန်ခေါ်မှုတစ်ခုပါပဲ။ ကာယဗလသမားတွေရဲ့ ဇနီးတွေ ထဲမှာတော့ ဇိန်းရဲ့ဇနီး “ခရစ္စတင်းဇိန်း“ (Christine Zane) ကို ကျွန်တော် သဘောအကျဆုံး ဖြစ်ပါတယ်။ ခရစ္စတင်းဟာ တကယ့်ကို ချစ်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါ တယ်”

မိုက်ခ် မင်ဇာအပေါ် သူ့အမြင်
    ကျွန်တော်နဲ့ မင်ဇာတို့နှစ်ယောက် ထိပ်တိုက်ပြိုင်ခဲ့ကြရတဲ့ပွဲ မနည်းဘူး။ အာနိုးနဲ့ ဆာဂျီယိုတို့လိုပဲ ကျွန်တော်တို့နှစ်ယောက်လဲ ကိုယ့်ခေတ်နဲ့ကို်ယ်အကြိတ်အနယ် ပြိုင်ဘက် တွေပေါ့။ အနိုင်အရှုံးကလဲ သူတစ်လှည့် ကိုယ်တစ်လှည့်၊ ဗုံလုံတစ်လှည့်၊ငါးပျံတစ်လှည့်ပဲ။ ၁၉၇၉ ခုနှစ်မှာ မိုက်ခ်မင်ဇာရဲ့ ပွဲဦးထွက် ဆုကြေးစားပွဲဖြစ်တဲ့ “တောင်ပိုင်းဆု ကြေးစား ဖလားပွဲ” (Southern Professional Ctp) မှာသူက ကျွန်တော့်ကို ပထမဆုံး ပွဲစဉ်မှာ အနိုင်ရခဲ့တယ်။ ပွဲစဉ် ၅ ပွဲထဲက ပထမဆုံးပွဲစဉ်ပေါ့၊ ကျွန်တော်လဲ ရှုံးလို့ စိတ်ပျက် လက်ပျက် နဲ့ ပြိုင်ပွဲရုံထဲမှာ ထိုင်နေတုန်းမှာ သူကကျွန်တော့်အနားကိုလာပြီး” ရော်ဘီ မင့်ကို နိုင်ရတာ ပျော်စရာကောင်းလိုက်တာ”လို့လာပြောခဲတယ်။ နောက်ပွဲစဉ် ၄ ပွဲစလုံးမှာ ကျွန်တော်ဆက်တိုက် အနိုင်ရခဲပါတယ်။ ဒါပေမယ့် အားကစားသမားတစ်ယောက် အနေနဲ့ မိုက်ခ် မင်ဇာရဲ့ ပြိုင်ပွဲဝင်စိတ်ဓာတ် ပြင်းပြင်းထန်ထန်နဲ့ ပြောခဲ့တဲ့စကားကို ကျွန်တော် သတိရနေတုန်း ဖြစ်ပါတယ်”

လီး ဟေနီအပေါ်တွင် သူ့အမြင်
    “ကျွန်တော့်ဟာ သူစံထားတဲ့ ကာယဗလသမားတစ်ဦး ဖြစ်တယ်။ ကျွန်တော်ရဲ့ ပုံတွေကို သူ့ရဲ့ နံရံတွေမှာ ချိတ်ထားခဲ့ပါတယ်လို့ လီး ဟေနီက ကျွန်တော်ကို အမြဲတမ်း ပြောခဲ့ပါတယ်။ လီး ဟေနီဟာ မောင်အိုလံပီယာပြိုင်ပွဲမှာ ၈ ကြိမ်ဆက်တိုက် အနိုင်ရခဲ့တဲ့ အံ့သြစရာကောင်းတဲ့ ကာယဗလသမားတစ်ဦး ဖြစ်ပါတယ်။ သူရထားတဲ့ မောင်အိုလံ ပီယာဆုတွေထဲက ၇ခုကို သူသိမ်းထားပေါ့။ တစ်ခုလောက်ကို ကျွန်တော်လိုချင်လိုက်တာ”

ဘ၀တွင် စိတ်အလှုပ်ရှားဆုံးအချိန်
    ဆွီဒင်နိုင်ငံ၊ ဂိုးသင်းဘွတ်မြို့မှာ ကျင်းပတဲ့ 1987 ခုနှစ် မောင်အိုလံပီယာ ပြိုင်ပွဲမှာ အဆင့် 5 ရခဲ့တုန်းးက ဖြစ်ပါတယ်။ အဲဒီအချိန်က ကျွန်တော့် အကြောင်းစာနယ်ဇင်း တွေမှာ မပါခဲ့တာ 3 နှစ်ရှိခဲ့ပြီ။ အထောက်အကူ ပေးမယ့်သူလဲ မရှိခဲ့ဘူး။ စီးပွားရေး ကြော်ငြာစာချုပ် မရှိခဲ့တာလဲ 3 နှစ်ရှိခဲ့တဲ့အချိန်၊ အမှောင်ထဲက ရုတ်တရက် ထွက်လာသလို ထွက်ခဲ့ပြီး လူငယ်တွေ အများကြီးနဲ့ ပြိုင်ခဲ့ရတယ်။ ဒိုင်လူကြီး တွေက ကျွန်တော်ကို အဆင့် 5 ပေးရတဲ့အထိ တုန်လှုပ်သွားစေနိုင်ခဲ့တာဟာ ကျွန်တော် ပထမရခဲ့တဲ့ပွဲတွေထက် ကျွန်တော့်အတွက် ပိုပြီး အရေးပါခဲ့ပါတယ်။ ပဉ္စမနဲ့ ဆဌမနေရာအတွက် ကျွန်တော်နဲ့ “ဘယ်ရီ ဒီမေ”(Barry DeMey) တို့ နှစ်ယောက်ကို ဒိုင်လူကြီးတွေက ပြန်ခေါ်ထုတ်ပြီး နှိုင်းယှဉ်ကြည့်ခဲ့ကြတယ်။ ကျွန်တော်က အဆင့် ၅ ရခဲ့တယ်။ ကျွန်တော်ရဲ့ တစ်ကျော့ပြန်ပွဲအဖြစ် သက်သေပြနိုင်ခဲ့ပွဲပေါ့။ ကျွန်တော်ဟာ ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်တတ်သူပါ။ မှန်တန်းဆိုရင် ပြိုင်ပွဲတစ်ပွဲပြီးရင် နောက် အပေါက်က ထွက်ပြီး ပြန်လာတတ်ပါတယ်။ အဲဒီနေ့က ကျွန်တော် ရှေ့အပေါက်က ထွက်လာခဲ့မိပါတယ်”



ဘ၀တွင် စိတ်ဓာတ်အကျဆုံးအချိန်
    “၁၉၉၂ ခုနှစ်မှာ ၀ီဒါနဲ့ စာချုပ် ရပ်တန့်သွားခဲ့တဲ့အချိန်ဟာ စိတ်ဓာတ်အကျဆုံး အချိန် ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ဘက်က တာဝန်ကျေအောင် ကောင်းကောင်း လုပ်ပေးနိုင် ခဲ့တာပဲ။ သူတို့ဘက်ကတော့ ကျွန်တော်ဟာ အသက်ကြီးလာတော့ စီးပွားရေး ဈေးကွက် မှာ မတိုးနိုင်တော့ဘူးလို့ ထင်ခဲ့ကြဟန် တူတယ်။ တကယ်တော့ အသက်ဟာ အဓိက မဖြစ်သင့်ပါဘူး။ အသက် ၅၀ ဖြစ်ဖြစ်၊ ၂၈ နှစ်ပဲဖြစ်ဖြစ်ပေါ့ဗျာ။ ကိုယ်ခန္ဓာ ကာယဗလ ကသာ အဓိက စကားပြောသင့်ပါတယ်။ စိတ်ဓာတ်ကျမိတဲ့ နောက်တစ်ချက် ကတော့ မောင်အိလံပီယာဘွဲ့ကို တစ်ခါမှအနိုင်မရရှိခဲ့တာ ဖြစ်ပါတယ်။ (၁၉၇၄ ခုနှစ် မောင်အိုလံ ပီယာ ပြိုင်ပွဲမှာ ရော်ဘီရော်ဘင်ဆင်ဟာ ကိုယ်အလေးချန် ၂၀၀ ပေါင် အထက် တန်းမှာ အနိုင်ရခဲ့တယ်။ ၂၀၀ ပေါင် အောက်တန်းမှာ ဖရင့်ဇိန်း အနိုင်ရခဲ့ တယ်။ ဒါပေမယ့် တံခွန်စိုက် မောင်အိုလံပီယာဆု အတွက် ဇိန်းက ရော်ဘင်ဆင်ကို အနိုင်ရခဲ့တယ်။)
    အဲဒီတုန်းက ကျွန်တော်ဟာ လက်မောင်းကြီး၊ ကျောပြင်ကျယ်နဲ့ အကြီးစား ကာယဗလသမား တစ်ယောက်အဖြစ် အများက လက်ခံထားခဲ့ကြတယ်။ ဒါပေမယ့် အဲဒီခေတ်က ကိုယ်လုံးကြီးတဲ့သူထက် သေးသေးသွယ်သွယ်၊ ကျစ်ကျစ်လျစ်လျစ် ကိုယ်လုံးကို ပိုပြီး ဦးစားပေးခဲ့တဲ့ သဘောရှိပါတယ်။ ၁၉၈၀ ခုနှစ် နောက်ပိုင်းမှာ အကြီးစား ကာယဗလသမားတွေကို ဦးစားပေးတဲ့စတိုင် ပြောင်းလာတော့ လီးဟေနီ ဆက်တိုက် အနိုင်ရခဲ့တယ်လေ။ အဲဒါကြောင့် ကျွန်တော်ရဲ့ အကောင်းဆုံးအချိန်မှာ ဒိုင်လူကြီးတွေက အကြီးစားကို ကြိုက်တဲ့ခေတ်ဖြစ်ခဲ့တာကို ကျွန်တော် အကြီးအကျယ် စိတ်ပျက်ခဲ့ရ ပါတယ်”

မိမိ၏ အသားအရောင် ပြဿနာ
    “တစ်ခုခု အလုပ်မဖြစ်ခဲ့ရင် တခြးဟာတွေကို လိုက်ပြီး လက်ညှိုးထိုးနေစရာ မလိုဘူး။ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး သုံးသပ်ဖို့သာ ရှိပါတယ်။ ပြိုင်ပွဲဝင်တဲ့အခါမှာ တခြားအချက်တွေနဲ့ ပြည့်စုံဖို့ထက် ကိုယ့်အနေနဲ့ အကောင်းဆုံး၊ အကောင်းဆုံးဖြစ်နေဖို့ဘဲ ကြိုးစားရပါလိမ့်မယ်။ ကိုယ် မနိုင်ရင် တစ်ယောက်ယောက်ကို သွားပြီး အပြစ်တင်လို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုသာပြန်ပြီး အပြစ်တင်ရပါမယ်။ ဘယ်အားကစားနည်းမှာပဲ ဖြစ်ဖြစ် နိုင်ငံရေးဟာ တစ်စိတ်တစ်ဒေသတော့ ပါနေတာပဲ။ ဖရင့် ဇိန်း မောင်အိုလံပီယာမှာ နိုင်ခဲ့လို့ ကျွန်တော်ဘယ်တုန်းကမှ ၀မ်းနည်းပက်လက် မဖြစ်ခဲ့မိပါဘူး။ ကျွန်တော် ပြောခဲ့သလိုပါပဲ။ သူတို့ အနိုင်ရစေချင်တာက ဇိန်းရဲ့ ပုံစံမျိုးမို့လား”



အကြိုက်ဆုံးအားကစား
    “ဘော့ဗ် ဟေးစ်” (Bob Hayes)
    “ကျွန်တော်က တာလာဟာဆီ(Tallahassee)မှာ ကြီးပြင်းခဲ့ပြီး ဖလော်ရီဒါ တက္ကသိုလ်မှာ အပြေးသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ “ဘော့ဗ် ဟေးစ်”ဟာ ကျွန်တော်တို့နဲ့ အတူ လေ့ကျင့်ဘက်စြဖပါတယ်။ သူက ၁၉၆၄ နှစ်၊ တိုကျို အိုလံပစ် မီတာ ၁၀၀ တာတိုချန်ပီယံ၊ ကမ္ဘာ့စံချိန်ရှင်နဲ့ ဂန္ထ၀င်စာရင်းဝင်  အပြေးသမား ဖြစ်ပါတယ်။ ကျွန်တော် တွေ့ဖူးသမျှ အားကစားသမားတွေထဲမှာ သူဟာ မယုံနိုင်လောက်အောင် အံ့သြစရာကောင်းသူတစ်ယောက် ဖြစ်ပါတယ်။ ဘမို သူအစားနိုင်တယ်။ အပြေး၊ ဘောလုံးနဲ့ ဘတ်စကက်ဘော စုံနေတာပဲ။ သူ့ရဲ့ ကိုယ်ခန္ဓာကလည်း အံ့သြစရာကောင်းတယ်။ ကြွက်သားတွေကလဲ ကောင်းသလား မပြောနဲ့။ သူ့ရဲ့ ကိုယ်ခန္ဓာမှာ အဆီ ၂% လောက်ပဲ ရှိလိမ့်မယ် ထင်တယ်။

ယခင် ရော်ဘင်ဆင်နဲ့ ယခုရော်ဘင်ဆင်
    “၁၉၇၀ ပြည့်လွန်နှစ်တွေက ကျွန်တော်ဟာ ပြိုင်ပွဲစင်မြင့်ပေါ်မှာ အသံကျယ်တဲ့ သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲစင်မြင့်အောက်မှာတော့ ကျွန်တော်က ခပ်အေးအေးပါပဲ။ ကျွန်တော့်ကို ကြည့်ပြီး ကျွန်တော် ဘ၀င်မြင့်တယ်လို့ လူတွေ ထင်စရာ ဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ ပုဂ္ဂလိက လူမှုဆက်ဆံရေးတွေမှာ အမြဲလိုလို ကသိကအောက် ဖြစ်စေခဲ့ပါတယ်။ ဒီနေ့ဆိုရင် ကျွန်တော်ဟာ “ပိစ်”မှာ ပျော်နေပြီ။ ပျော်ပျော်ပါးပါးလဲ ဖြစ်နေပါပြီ။ လူတစ်ယောက်မှာ ပျော်နေပြီလို့ ဆိုမှတော့ နောက်ထပ် ဘာများထပ်ပြီး လိုချင်စရာ၊ တောင့်တစရာ ရှိဦးမှာလဲ”

ကာယဗလသမား ဖြစ်မလာခဲ့လျှင်
    “စာရေးဆရာ သို့မဟုတ် ပန်းချီဆရာ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော့် ခေါင်းထဲမှာ ကာယဗလနဲ့ မဆိုင်တဲ့ အကြောင်းတွေ ရှိနေပါတယ်။ ဒါတွေကို ကာယဗလနဲ့ မဆိုင်တဲ့အကြောင်းတွေ ရှိနေပါတယ်။ ဒါတွေကို တစ်နေ့ကျရင် ကျွန်တော် စာပြန်ရေးမှာပါ။ အင်္ဂလန်က စာရေးသားမှု အတတ်ပညာသင် ကျောင်းတစ်ခုမှာလဲ ကျွန်တော် စာရင်းသွင်းထားပြီးပါပြီ။ ပြီးတော့ ကျွန်တော်က ဖောင်တိန်နဲ့ မှင်နဲ့ သုံးပြီး ရုပ်သေပန်းချီ ဆွဲတာကိုလဲ သဘောကျတယ်”


အကြိုက်ဆုံး ကစားဖော် ကစားဘက်
    “နော်ဝေးမှာတော့ ကျွန်တော်ဟာ နော်ဝေ ဟဲဗီးဝိတ် ချန်ပီယံ “ဂျိုစတိန်း အိုဒီဂါဒင်မ်” (Jostein Odegardem)နဲ့ အတူတူ ကစားပါတယ်။ သူဟာ ဆုကြေးစား ကာယဗလလောက ၀င်သွားရင် တခြားမောင်တွေကို လန့်သွားစေမှာပါ။ သူက အဲဒီအချိန်က  ၂၄နှစ်သာ ရှိသေးပြီး အားကြိုးမာန်တက်လဲ လေ့ကျင့်တယ်။ အခုအခါမှာ ဘယ်လ်ဂျီယံမှာ နေထိုင်တဲ့ အင်္ဂလန်ချန်ပီယံ “ဘီလ်ရစ်ချတ်ဆန်” (Bill Richardson) ကလဲ တကယ့် ခွန်အားစိုက် ကစားနိုင်တဲ့ အကြမ်းစားမောင် ဖြစ်ပါတယ်။ သူက ကြီးလဲကြီးတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေဆုံးခါနီးမှာ “မိုက် ကွင်း”နဲ့ အတူ လေ့ကျင့်ခဲ့ရတာဟာလဲ ကျွန်တော့် အတွက် အတွေ့အကြုံရခဲ့ပါတယ်။

ဆုကြေးစား ကာယဗလလောကအတွက် မကြိုက်ဆုံးအရာ
    “၁၉၇၀ ပြည့်လွန်နှစ် ကာလတွေကဆိုရင် ပြိုင်ပွဲဝင်ကာယဗလသမားတွေဟာ တစ်ဦးနဲ့တစ်ဦး ပိုပြီး ခင်မင်ခဲ့ကြတယ်။ ပိုပြီး ကူညီထောက်ပံ့မှုတွေ ပေးခဲ့ကြတယ်။ အခု ခေတ်မှာတော့ ကာယဗလသမားအားလုံးက ခပ်ခွာခွာပဲ နေတတ်ကြတယ်။ တစ်ယောက် နဲ့တစ်ယောက်လောက်တောင် စကားရဲရဲ မပြောဝံ့ကြသလိုပဲ ဆုကြေးငွေ တွေက  ကောင်း လာတော့ လူတိုင်းကို ကိုယ့်အတွက် အောင်မြင်မှုရေးကိုသာ ပိုပြီး ဂရုစိုက် စေခဲ့ပါတယ်။ ငွေက ညီညွတ်မှုကို ဖျက်ဆီးပစ်ခဲ့ပါတယ်”

ကာယဗလ အားကစားနည်းအတွက် အကြိုက်ဆုံးအရာ
    “လေ့ကျုင့်မှုပါပဲ။ ကစားရတဲ့အချိန်တိုင်းမှာ စိတ်တက်ကြွစရာကောင်းမှုတွေ ရှိနေ ပါတယ်။ ကစားဖို့အတွက် အားမစားရုံထဲကို ရောက်သွားတာနဲ့ စိတ်ထဲမှာ ရှိတဲ့တခြား အကြောင်းတွေ ခေါင်းထဲက ထွက်သွားတော့တာပဲ။ ကျွန်တော် ကစားလာတဲ့ သက်တန်း နှစ်တွေ ဒီလောက်တောင်ကြာခဲ့ပြီ။ ဒါပေမယ့် ကျွန်တော်ဟာ အားကစားရုံထဲ ရောက်သွား တာနဲ့ သကြားလုံးဆိုင်ထဲ ရောက်သွားတဲ့ ချာတိတ်ကလေး တစ်ယောက်လို ဖြစ်သွား တော့တယ်”

၁၉၇၀ပြည့်လွန်နှစ်တွေက မဂ္ဂဇင်းတွေထဲမှာ ကိုယ့်ပုံတွေပြန်မြင်ရရင်
    “အချိန်တွေ အကြာကြီး ကြာသွားပြီကောလို့ ထင်မိသလိုပါပဲ။ ဓာတ်ပုံဟောင်း တွေက ကျွန်တော့်ကို အဲဒီတုန်းက အချိန်ကာလ ပြန်ရောက်သွားအောင် ညှို့ယူဆွဲခေါ်သွား ပါတယ်။ အဲဒီဓာတ်ပုံ ရိုက်ခဲ့တဲ့ အချိန်တုန်းက ကျွန်တော် ဘာလုပ် နေခဲ့သလဲဆိုတာကို ပြန်ပြီး သတိရမိတယ်။ ကျွန်တော် ဘာလုပ်နေခဲ့သလဲ ဆိုတာကို ပြန်ပြီး သတိရမိတယ်။ ကျွန်တော့် ကြွက်သားတွေ နည်းနည်းရှည်မြောမြော ဖြစ်လာတာ ကလွဲရင် ကျွန်တော့် ပုံသဏ္ဌန်ဟာ ဒီလောက်ကြီး ပြောင်းလဲမသွားခဲ့ သေးပါဘူး။ မုတ်ဆိတ်မွေး တွေကတော့ နည်းနည်း ပိုဖြူချင်ဖြူလာမယ်။ ဒါပေမယ့် စိတ်မှာ မခံစား ပါဘူး”

အမေရိကန်မှာ ဆက်ပြီး မနေထိုင်ခြင်း၏ အကြောင်းအရင်း
    “ကျွန်တော်ဟာ အမေရိကန်မှာ နေတာထက် ဥရောပမှာ နေထိုင်ရတာကို အမြဲတန်း သဘောကျခဲ့မိပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေက ဂျာမနီ၊ ဟောလန်နဲ့ စပိန်နိုင်ငံတွေမှာ ကျွန်တော် ခဏခဏ နေထိုင်ခဲ့ဖူးပါတယ်။ ဥရောပတိုက်သားတွေရဲ့ စိတ်နေစိတ်ထား၊ စိတ်ဓာတ်ဟာ ကျွန်တော့်အတွက် ပိုပြီး သက်သောင့်သက်သာ ဖြစ်စေ ပါတယ်။ ဥရောပရဲ့ သမိုင်းနဲ့ အစဉ်အလာကြောင့် ဥရောပတိုက်သားတွေမှာ ချင့်ချိန်မှုနဲ့ အကျင့်စာရိတ္တ ပိုမိုကောင်းမွန်စေတယ်လို့ ကျွန်တော် ယူဆမိပါတယ်”


ရေရှည် ကာယဗလ ရည်မှန်းချက်
    အော်လ်ဆိုမြို့မှာ ပင်လယ်ကို အပေါ်က လှမ်းပြီး ကြည့်နေနိုင်တဲ့ အိမ်ကြီး တစ်လုံးနဲ့ နေချင်တယ်။ အဲဒီ အိမ်ကြီးမှာ ပက်လက်ကုလားထိုင်မှာ ဒူးနှံနေရင်းနဲ့ အသက် မွေးဝမ်းကြောင်း အသစ်တစ်ခုကို လုပ်ချင်တယ်။ နေ့တိုင်းလဲ ကာယဗလ လေ့ကျင့်မှုမပျက် ကစားနေချင်တယ်”

ဘ၀တစ်သက်တာ ကာလတွင် အကြီးမားဆုံး ကြေကွဲဝမ်းနည်းမှု
    “လွန်ခဲ့တဲ့ အတိတ်တုန်းက ကျွန်တော့် အိမ်ထောင်ရေးပြိုကွဲခဲ့ခြင်းပါ။ ကျွန်တော်တို့ရဲ့ ပြဿနာတွေကို ကျွန်တော်တို့ ဇနီးမောင်နှံ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံဆွေးနွေး ပြီး မဖြေရှင်းနိုင်ခဲ့ကြပါဘူး။ စာဖတ်သူ ကာယဗလ ၀ါသနာရှင် ပရိသတ်ကြီးခင်ဗျာ ဒီလောက်ဆိုရင် ပထမဦးဆုံး သက်ကြီးမောင်အိုလံပီယာ ဘယ်သူဘယ်ဝါ ဆိုတာကို လေ့လာမိပြီး ဖြစ်သလို သူရဲ့ သဘောထား သူ့ရဲ့ ခံယူချက် အချို့ကိုလည်း သဘောပေါက်လောက်ပြီထင်ပါတယ်။ကျွန်တော်တို့ ဆောင်းပါးတွေကို အမြဲတမ်း စောင့်မျှော်ဖတ်ရှု တဲ့ အတွက် ကျေးဇူးပါ။ အကြောင်းအမျိုးမျိုးကြောင့် ဆောင်းပါးရေး နောက်ကျတာရှိရင် နားလည်ပေးပါလို့ အနူးအညွတ်တောင်းပန်ရင်း ဆက်လက် ချီတက်နေမယ့် ကာယဗလ ၀ါသနာရှင်တစ်ဦး။

တင်ဆက်သူ---အောင်အောင်
email---aungaung.aung24@gmail.com
www.myanmarfitness.com   

No comments:

Post a Comment