arial" action="like" colorscheme="light">

Sunday, October 26, 2014

ရွန်နီကိုလ်းမင်း၏ ဒမ်ဘယ်ဖြင့်လေ့ကျင့်မှုအယူအဆများ

 ဒီတစ်ခေါက်မှာတော့ မောင်အိုလံပီယာ (၈)ထပ်ကွမ်း ရွန်နီလ်ကိုးလ်မင်း၏ ဒမ်ဘယ် နှင့် လေ့ကျင့်ခြင်း၏ အကျိုးကျေးဇူး တစ်ချို့ကို ရှင်းလင်းပြထားသည့် ဆောင်းပါးတစ်ပုဒ်ကို ရေးသား တင်ဆက်ပေးလိုက် ပါသည်။ ဒမ်ဘယ်သည် အခြားလေ့ကျင့်မှုကရိယာများကဲ့သို့ အလေးချိန် တစ်ဖက်နှင့်တစ်ဖက် မညီမျှမှု မဖြစ်စေဘဲ သင့်စိတ်တိုင်းကျ အလေးနဲ့ ဒမ်ဘယ် တစ်ဖက်စီမှာ တပ်ဆင်ပြီး တစ်ဖက် လေ့ကျင့်နိုင်သလို ညီမျှတဲ့ဒမ်ဘယ်တစ်စုံနဲ့ လက်နှစ်ဖက် တစ်ပြိုင်နက် လေ့ကျင့်နိုင်ရင် ဆုတ်ကိုင်ရာတွင် လွယ်ကူခိုင်မြဲစေသည်။ ခွန်အားပေါ်တွင် မူတည်ပြီး နောက် အကျော့တွေမှာအလေးကို လိုသလို တိုးကစားနိုင်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်း အစွန်းကုန် တိုးတက်ရန် သင့်ရဲ့လေ့ကျင့်မှုအစီအစဉ်မှာ ဒမ်ဘယ်ကို မကြာခဏ အသုံးပြုသွားရမှာ ဖြစ်ပါတယ်။
ခေတ်မီလေ့ကျင့်ရေး စက်များသည် သင့်အတွက် အကောင်းဆုံးလေ့ ကျင့်ခန်းတွေ ဖြစ်ပေမယ့် မပြည့်စုံသေးပေ။ ကြွက်သားညီမျှစွာ တိုးတက်မှုရရန်အတွက် ဒမ်ဘယ်နှင့် လေ့ကျင့်မှုကသာ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ စက်နှင့်ကစားရာမှာ အတွန်း(သို့)အဆွဲ တစ်မျိုး တည်းသာ ထိန်းချုပ်ကစားရတဲ့အတွက် ကြွက်သားကို အနည်းငယ်တော့ ထိရောက်မှုသာ ပေးစွမ်းနိုင်ပါတယ်။ အလေး ရွေ့လျားနေရပြီး ကြွက်သားကို ပြည့်ဝစွာ လှုံ့ဆော်မှု မပေးနိုင်ပါဘူး။ စက်နှင့် ရွေ့လျားမှုဟာ ရှေ့သွားနောက်ပြန်(သို့) အထက်အောက် ရွျော့းမှုဖြင့်သာ အလေးရွေ့လျားမှုလမ်း ကြောင်း တသမတ်တည်း ထိန်းချုပ်ခံနေရပါတယ်။ ဒမ်ဘယ်ကတော့ အလေးရွေ့လျားမှုကို လွတ်လပ်စေပြီး ကြွက်သားကို အပြည့်အ၀ လှုံ့ဆော် ထိရောက်စေပါတယ်။
ထို့ပြင် နေရာ တိုင်းလိုလိုမှာ ဒမ်ဘယ်ကို အသုံးပြုရာမှာ အဆင်ပြေစေပါတယ်။ ဥပမာ-မိမိ၏နေအိမ်မှာ ဒမ်ဘယ်တစ်စုံကို လွယ်ကူစွာ သိမ်းထားနိုင်ပြီး ခရီးသွားရာမှာလည်း အလွယ်တကူယူဆောင်သွားနိုင်ပါတယ်။ စက်(သို့) ဘားရှည်နဲ့ ကစားတဲ့အခါ လက်နှစ်ဖက်စလုံး အားစိုက်မှုညီမျှအောင် ဂရုစိုက်ရပါတယ်။ အလေးတွန်းတင် ပြန်အချမှာ လက်နှစ်ဖက် စလုံး အားစိုက်မှုညီမျှအောင် ဂရုစိုက်ရပါမယ်။ သို့ပေမယ့် နှစ်ဖက်စလုံးမှာ ညီမျှသောအားစိုက်မှု ရချင်မှလည်း ရနိုင်ပါမယ်။ ဒမ်ဘယ်နှင့် ကစားရာမှာတော့ ဤဂရုပြုအားစိုက်မှု အနည်းငယ် လျော့နည်းစေပါလိမ့်မယ်။ ဒမ်ဘယ်ကတော့ နှစ်ဖက်စလုံး ညီမျှတဲ့ အလေးနဲ့ ကြိုက်သလို တပ်ဆင် ကစားနိုင်ပြီး သင့်ရဲ့ ပင်ကိုယ်က အားနည်းတဲ့ဖက်ကိုလည်း ညီမျှတဲ့ အားစိုက်မှုနဲ့ ခွန်အားပြည့် ထိရောက်စွာ ကစားနိုင်မှာ ဖြစ်ပါတယ်။
ဒမ်ဘယ်နှင့်ကစားစဉ်မှာ အလေးလမ်းကြောင်း ရွေ့လျားမှုတစ်လျောက်မှာ အနည်းငယ် တိမ်းစောင်းခြင်းမျိုး မဖြစ်စေဘဲ ကာယဗလသမားများ ကြွက်သားကို အပြည့်အ၀ လှုံ့ဆော်မှုပေးနိုင်ပြီး ကြီးထွားတိုးတက်မှုကောင်း လာနိုင်စေမှာ ဖြစ်ပါတယ်။ ထို့ပြင် အခြားအားကစား နည်းတွေမှာ အထောက်အကူပြုလေ့ကျင့်ခန်းတွေကို အလေးနှင့်ကစားရာမှာ ဒမ်တယ်ကို အသုံးပြုကစားနိုင်ပြီး ဒမ်ဘယ်နှင့်ကစားခြင်းဖြင့် ပေါ့ပါးသွက်လက် လျင်မြန်ခြင်း၊ ရုတ်တရက်ပေါက်ကွဲမှု အမြန်ခွန်အားတို့ကို ရရှိစေပါတယ်။ ဒမ်တယ် ဘားတိုဟာ ဘာဘယ်လ် ဘားရှည်ထက် အလေး ရွေ့လျားမှုမှာ အပြည့်အ၀ အဆုံးအစွန်အထိ ဆန့်ထုတ်ကစား နိုင်ပါတယ်။ ဥပမာ ဘားဘယ်နှင့် ပက်လက်အိပ် အနှေးမတွန်းရာမှာ အလေးကို အောက်ပြန်အချတွင် ရင်အုပ်အရောက်တွင် ရပ်တန့်သွားစေ မှာဖြစ်ပြီး၊ ဒန်ဘယ်နှင့် ကစားရာတွင် အလေးအောက်ပြန် အချမှာ ရင်အုပ်အောက် ဖက်ချ၍ ကစားနိုင်တာ တွေ့ရပါမယ်။
ဤကဲ့သို့ အလေးကို အပြည့်အ၀ ဆန့်ထုတ် ကစားနိုင်တဲ့အတွက် ကြွက်သားကို လှုံ့ဆော်မှ အပြည့်အ၀ပေးနိုင်ပြီး ပိုမိုကြီးထွား တိုးတက်စေပါတယ် အထက်ပါ အထောက်အထား မှန်ကန်မှု ရှိ၊ မရှိ သင်ကိုယ်တိုင် သင့်တင့်သော အလေးကို အသုံးပြု စမ်းသပ်ကစား နိုင်ပါတယ်။ ဥပမာ – တဖက်စီတွင် ပေါင် (၅၀)တပ်ဆင်ထားသော ပေါင်(၁၀၀)လေးသည့် ဘာဘယ်နှင့် ပေါင်(၅၀)စီ တပ်ဆင်ထားသော ဒန်ဘယ်တစ်စုံကို အသုံးပြုပြီး (ရှေ့သို့တွန်းတင်)ရာတွင် ဒမ်ဘယ်ကို လက်တစ်ဖက်စီတွင် ကိုင်၍ တပြိုင်နက် တွန်းတင်ခြင်းက ဘာဘယ်နှင့် တွန်းတင်ခြင်းထက် ခွန်အားအပြည့်အ၀နဲ့ ပို၍ ကစားနိုင်တာကိုတွေ့ရပါမယ်။
 
ဒမ်ဘယ်နှင့်လေ့ကျင့်ရာတွင် အကောင်းဆုံးလေ့ကျင့်ခန်းများ
ဒမ်ဘယ်နှင့် လေ့ကျင့်ရာတွင် အကောင်းဆုံးလေ့ကျင့်ခန်းများကတော့ ခုံစောင်းမှီ ရင်အုပ်တွန်းတင်ခြင်း။ လက်မောင်း ကြွက်သား အမျိုးမျိုး ကွေးတင်ခြင်း၊ ကျောပြင်ကြွက်သား ခါးထိုင်ဆွဲတင်ခြင်းနှင့် ဘေးဘက်ရှေ့ အလေးမတင်ခြင်းများနှင့် အခြားလေ့ကျင့်ခန်းများစွာ ကစားနိုင်ပါသည်။ ထို့ပြင် ဒမ်ဘယ်ကို အမျိုးမျိုးဆုပ်ကိုင်ပြီး ထောင့်မျိုးစုံမှ ကြွက်သားအုပ်စုတစ်ခုတွင် ပါဝင်သော သီးခြားကြွက်သားစုကိုလည်း ထိရောက် ကစားနိုင်ပါသည်။ ပခုံးအိုးစွန်း ကြွက်သား ကြီးထွားတိုးတက်ရန် အတွက် ကစားရာတွင် ဒန်ဘယ်သည် မရှိမဖြစ် လိုအပ်လှပေသည်။ ပခုံးအိုးစွန်းကြွသားအတွက် ဘေးတိုက် မတင်ခြင်းကစားရာတွင် ဒန်ဘယ်တစ်စုံနှင့် ကစားခြင်းက အထိရောက်ဆုံးဖြစ်ပြီး တခြား မသည့်လေ့ကျင့်ခန်းမှ သီးခြားကစား၍မရနိုင်ပါ။
ပခုံးစွန်းကြွက်သားတွင် (၃)ပိုင်း ပါရှိသည်။ ရှေ့ပိုင်း၊ အလယ်ပိုင်း၊ နောက်ပိုင်းတို့ ဖြစ်သည်။ ဤအစိတ်အပိုင်း(၃) ခုစလုံးကို ဒမ်ဘယ်နှင့် တကျော့တည်း အဖြစ် ကစားနိုင်သည်။ ဥပမာ – ဘေးတိုက်မတင်ခြင်းကို ၅ ကြိမ်မှ ၈ ကြိမ်အထိ ဆက်တိုက်၊ ၅ကြိမ်မှ ၈ ကြိမ်အထိ ရှေ့ဘက် အလေး မတင်ခြင်းနှင့် ခါးကိုင်း၍အလေးမတင်ခြင်း ဤရှေ့နောက် ဘေးဘက်တစ်ပြိုင်နက် ဒမ်ဘယ်နှင့် မနားတမ်းကစားခြင်းကို တကျော့အဖြစ် သတ်မှတ်ပြီး လေ့ကျင့်ခန်းသုံးမျိုတွဲ ဆက်တိုက် ကစားနိုင်သည်။ ဤလေ့ကျင့်ခန်းတွင် ပခုံးအိုးကြွက်သားစု ကြီးတစ်ခုတွင် ပါဝင်သော ကြွက်သားအစိတ်အပိုင်းအားလုံးကို တစ်ပြိုင်နက် ထိရောက်အောင် အကျိုးရှိစွာ ခွန်အားပြည့် ကစားနိုင်ပါသည်။

ဒမ်ဘယ်ကို အသုံးပြု၍ ပက်လက်အိပ် အနှေးမတွန်းတင်ခြင်း တွန်းရာတွင် သင်၏တံတောင်ဆစ်ကို ခန္ဓာကိုယ် အနီးမှာ ကပ်ထားပြီးကစားလျှင် ရှေ့ဘက်ပခုံးအိုးစွန်းကြွက်သားကို ထိရောက်စေနိုင်ပြီး တတောင်ဆစ်ကို ခန္ဓာကိုယ်နှင့် ဝေးဝေး ထောင့်မှန် အနေအထား အတိုင်းထား၍ ကစားလျင် ရင်အုပ်ကြွက်သားကို ထိရောက်စေပါသည်။
နောက်လေ့ကျင့်ခန်းတစ်ခုကတော့ ကာယဗလမောင်များ အများဆုံး ကစားကြတဲ့ ဒမ်ဘယ်နှင့် တဖက်ခြင်း ကျောပြင်ကြွက်သား ခါးကိုင်း၍ ဆွဲတင်ခြင်းဖြစ်သည်။ ဤလေ့ကျင့်ခန်းကတော့ နောက်ကျောကားပြီး ဗွီပုံစံ ပေါ်လွင်တိုးတက်စေရန်အတွက် ကစားခြင်းဖြစ်သည်။ ဤနည်းကိုကစားရာတွင် ကိုယ်အနေအထား မှန်ကန်စွာကစား တတ်ဖို့လိုပါသည်။ သင်၏ ဒူးဆစ်အမြင့်နှင့် ညီမျှတဲ့ ခုံတစ်ခုကို အသုံးပြု၍ ညာဘက်နှင့် စတင်ကစားမည်ဆိုလျှင် ဘယ်ဘက်ဒူးနှင့် လက်ကိုခုံပေါ်တွင်တင်ပြီး ကိုယ်ကို ခုံနှင့် မျဉ်းတပြေးတည်းဖြောင့်ဖြောင့် ထားပါ။ ဤအနေအထားအတိုင်း ဒမ်ဘယ်ကို သင်၏နံရိုးအိမ်သို့မှန်းပြီး တဖြေးဖြေးခြင်း နောက်ကျော ၀မ်းသားကြွက်သားအားနှင့် ဆွဲတင်ပါ။ ဤသို့ အလေးကို အထက်အောက် ဆွဲတင်ချခြင်းသည် သင်၏ ကိုယ်လုံးအလည် တည့်တည့်တွင် ရွေ့လျားနေခြင်း ဖြစ်ရမည်။
ဤလေ့ကျင့်ခန်းမှာ တင်ပါးမှတဆင့် နောက်ကျောပြင် တစ်ခုလုံးကို ကောင်းစွာ ထိရောက်စေပြီး ပခုံး၏ လှုပ်ရှားမှုပါ ပါစေပြီး အပေါ်ပိုင်းနောက်ကျောအပေါ်ပိုင်းတစ်ခုလုံးကို ထိရောက်စေသည်။ ကျန်ဘယ်ဘက်ကို အထက်ပါကစားပုံအတိုင်း သင့်စိတ်ကြိုက် အကျော့ရေအတိုင်း ဆက်လက်ကစားပါ။

လက်မောင်းရှေ့ ကြွက်သားကြီးထွားမှု အတွက်လည်း ဒမ်ဘယ်နှင့်ကစားခြင်းဟာ အထိရောက်ဆုံး ဖြစ်ပါတယ်။ သင့်ရဲ့ကစားနည်းပေါ် မူတည်ပြီး တောင်ထိပ်လို ချွန်ထွက်နေတဲ့ လက်မောင်းကြွက်သားအမြင့်နဲ့ လက်မောင်းကြွက်သား တစ်ခုလုံး ပြည့်ဖြိုးကြီးထွားမှုတွေကို ကစားယူနိုင်ပါတယ်။ ခုံစောင်းမှီ လက်မောင်းကွေးကစားခြင်းဟာ ရှေ့လက်မောင်း အပေါ်ပိုင်းကို ကြီးထွားပြည့်ဖြိုးစေပါတယ်။ လက်တစ်ဖက်ခြင်း ခုံစောင်းတင်ကွေး တင်ခြင်းတွင် သင်၏တံတောင်ဆစ်ကို ရှေ့တည့်တည့် လှည့်ထားပြီး ကစားရပါမည်။ ကြွက်သားအမြင့်ကိုလိုချင်ရင် ကွေးတင်ရာတွင် အပေါ်ဖက် အရောက်တွင် ပခုံးထိအောင်ကွေးတင်ပြီး အပိုညှစ်ထုတ်ကစားရမည်။
ဒမ်ဘယ်တစ်ခုထဲကို အသုံးပြု၍ သင်၏ခန္ဓာကိုယ်တစ်ခုလုံး အတွက် ခွန်အားနှင့် ထုထည် တိုးတက်စေရေး အတွက် အခြား လေ့ကျင့်ခန်းတွေ ထက်ပိုပြီး ကစား၍ရနိုင်ပါတယ်။
ဤလေ့ကျင့်ခန်းကတော့ လက်တစ်ဖက်ခြင်းဆွဲခြင်း ဖြစ်ပါတယ်။ နောက်ကျော လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ဇက်ပိုးသားအတွက် ကစားတဲ့လေ့ ကျင့်ခန်း ဖြစ်ပါတယ်။ မြန်မာ ကာယဗလသမားများလေ့ကျင့်ဘူးကြလိမ့်မယ် မထင်ပါဘူး။ ဤလေ့ကျင့်ခန်းဟာ အဆင့်မြင့်ကာယ ဗလလေ့ကျင့်မှုနည်း တွေမှာ မပါဝင်ပါဘူး။ အခြားလေ့ကျင့်ခန်းတွေကို သိခြားကြွက်သားအုပ်စုတစ်ခုကို လေ့ကျင့်သော လေ့ကျင့်ခန်းမဟုတ်တဲ့ အတွက် ဖြစ်ပါတယ်။
ဒမ်ဘယ်တစ်ခုကို အသုံးပြု၍ သင့်ရဲ့ခြေထောက် အကျယ်အနေအထားဟာ ပခုံးအကျယ်နှင့် တညီတည်းဖြစ်နေ ရမှာဖြစ်ပြီး သင်လုပ်နေကျ ခါးကိုင်းအလေး ဆွဲတင် လေ့ကျင့်ခန်းကဲ့သို့ ခါးကိုင်း၍ လက်တစ်ဖက်နှင့် ဒန်ဘယ်ကို ဆုပ်ကိုင် ထားပါ။ ထို့နောက် ဒန်ဘယ်ကို ကြမ်းပြင်မှ ပခုံးဆီသို့ တတောင်ဆစ်ကို မြှင့်ယူပြီး တဖြေးဖြေးဆွဲယူပါ။ မရပ်နားဘဲ အလေးကို အောက်ဖက်ကြမ်းပြင်ကို ထိလုနီးပါးပြန်ချပြီး ဆက်တိုက် ၅ ကြိမ်မှ ၈ ကြိမ် ပြုလုပ်ပေးပါ။ ကျန်တစ်ဖက် ကိုလည်း ခပ်မြန်မြန် ဆက်တိုက်ကစားပါ။ နှစ်ဖက်စလုံးပြီးမှ တစ်ကျော့ပြီးသည်ဟု သတ်မှတ်ရမည်။
ဤရွေ့လျားမှုဟာ အားစိုက်မှုမရှိဘဲ ညင်သာချောမွေ့တယ် ထင်ရပါတယ်။ သို့ပေမယ့် ပထမ လက်တစ်ဖက် စတင်လေ့ကျင့်ချိန်ဟာ (၃၀)စက္ကန့်ကြာပါတယ်။ သို့ဖြစ်၍ တစ်ကျော့ပြီးမြောက်ရန် အတွက် (၁)မိနစ်ကျော် သို့ (၂)မိနစ်နီးပါးကြာ ပါတယ်။ နောက်တစ်ကျော့တွေအတွက် ခွန်အားပေါ် မူတည်ပြီး အလေးတိုး ကစားနိုင်ပါတယ်။ လက်ကောက်ဝတ်စည်း သရေပတ်ကြိုးကို အသုံးပြုပြီးကစားလျင် ဆွဲအား ပိုကောင်းစေမှာဖြစ်ပြီး အကျော့များစွာ ကစားနိုင်ပါတယ်။
ဘားတိုကို လက်တစ်ဖက်ခြင်း အပေါ်သို့ဆွဲကစားနည်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားစုကြီးတွေကို လက်တစ် ဖက်ခြင်းကစားယူတဲ့ ကစာနည်းဖြစ်ပါတယ်။ သို့ပေမယ့် ဒီကစားနည်းဟာ အခြားလေ့ကျင့် ခန်းတွေဖြစ်တဲ့ အလေးကွေးတင်ခြင်းများ၊ ပေါင်ကြွက်သား ဆန့်ထုတ်ကစားခြင်းနှင့် သိပ္ပံနည်းကျ ကစားနည်းများကဲ့သို့ ကစားရာမှာ အာရုံဝင်စားမှု “ဖီးလ်´´တွေ့လိမ့်မည် မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကြွက်သား မြောက်များစွာကို လှုံ့ဆော်မှုပေးနိုင်တာကို တွေ့ရပါလိမ့်မယ်။ ဥပမ – တင်ပါး၊ ကျောပြင်၊ လက်မောင်း၊ ပခုံး တို့ကို တစ်ပြိုင် နက် လှုံ့ဆော်မှုပေးနိုင်ပါတယ်။

အလေးများများနှင့် အကြိမ်နည်းနည်း အပေါ်သို့ ဆွဲခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးအတွက် ခွန်အားကောင်းစေရေး နှင့် ကြွက်သားထုတို့ကို တိုးတက်စေမှာဖြစ်ပြီး အလေးနည်းနည်းနဲ့ အကြိမ်များများ ကစားခြင်းဟာ ခန္ဓာကိုယ် အထက် အောက် ဟန်ချက်ညီညီ လှုပ်ရှားစေပြီး အေရိုးဗစ်ကစားနည်း ကဲ့သို့ အကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။
၂၅ ကြိမ်လောက်ထိ ကစားနိုင်တဲ့ အလေးနည်းနည်းသာ တပ်ဆင်ထားတဲ့ ဒန်ဘယ်နှင့် အဆင့်မြင့် အေရိုးဗစ်ကစားနည်းအတိုင်း လေ့ကျင့်ပါတယ်။ ဤလေ့ကျင့်မှုဟာ ရာသီဥတု (သို့) အခြားအကြောင်း အရာတွေကြောင့် ဖြစ်ပေါ်စေတတ်တဲ့ နှလုံးသွေးကြောလည်ပတ်မှုကို ပုံမှန်ကောင်းမွန် လာစေနိုင်ပါတယ်။
ဒီလောက်ဆိုရင် ကာယဗလလေ့ကျင့်မှုမှာ ဒမ်ဘယ်ဟာ အခြားသော လေ့ကျင့်မှုကိရိယာများကဲ့သို့ ဘယ်လောက်အထိအသုံးဝင် အရေးပါသလဲဆိုတာ သိလောက်ပါပြီ။ အမျိုးမျိုးသော ခွန်အားသုံးလေ့ကျင့်ခန်းများ၊ ကြွက်သားအပို လှုံ့ဆော်မှုလေ့ကျင့်ခန်းနှင့် ကြွက်သား ကြံ့ခိုင်စေသောလေ့ ကျင့်ခန်းများ၊ အလေး ရွေ့လျားမှု လွယ်ကူလွတ်လပ် ခွန်အားပိုကောင်းခြင်း၊ နှလုံးသွေးလည် ပတ်မှုကို ပုံမှန်ဖြစ်စေခြင်းနှင့် သင်လိုအပ်သလို အမျိုးမျိုး အသုံးပြု ကစားနိုင်တာကို တွေ့ရပါလိမ့်မည်။ထို့ကြောင့် လေ့ကျင့်သူ လူငယ်အများစုသည်လည်း မိမိတို့နှင့် သင့်တော်သော လေ့ကျင့်ခန်းများထဲမှ အချို့သော လေ့ကျင့်ခန်းများကို ဒမ်ဘယ်လ် နှင့် တွဲဖက်လေ့ကျင့်ခြင်းဖြင့် များစွာသော အကျိုးဖြစ်ထွန်းမှုကို ရရှိနိုင်ကြပါစေ။
 တင်ဆက်သူ ။ ။အောင်အောင်
email-(aungaung.aung24@gmail.com)

No comments:

Post a Comment