arial" action="like" colorscheme="light">

Wednesday, January 30, 2013

SEA GAMES မှာ GAME OVER မဖြစ်စေဖို့ 

အရှေ့ တောင်အာရှဒေသတွင်းနိုင်ငံများအကြားချစ်ကြည်ရင်းနှီးမှုတိုးတက်စေရေးအတွက်၊အရှေ့ 
တောင်အာရှအားကစားပွဲတော် SEA GAMES ကိုနှစ်နှစ်တစ်ကြိမ်ကျင်းပလာခဲ့သည်မှာယခုနှစ်
2013-ခုနှစ်၊မြန်မာပြည်တွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်အကြိမ်သည် 27-ကြိမ်မြောက်ဖြစ်
သည်။ဆီးဂိမ်းအားကစားပြိုင်ပွဲသည်တစ်နိုင်ငံနှင့်တစ်နိုင်ငံချစ်ကြည်ရင်းနှီးစေရေးအတွက်ကျင်းပ
သောပြိုင်ပွဲဖြစ်သော်လည်း၊မိမိနိုင်ငံ၊မိမိလူမျိုး၏စွမ်းရည်ကိုဖော်ထုတ်ပြသသည့်ဇာတိမာန်ဆိုင်ရာ
ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်မှာအသေအချာပင်ဖြစ်ပေသည်။ဇာတိမာန်ထက်လှပါသည်ဆိုသော၊
မျိုးချစ်စိတ်ပြင်းလှပါသည်ဆိုသော၊ကျွန်တော်တို့ ရွှေမြန်မာများသည်ထိုဆီးဂိမ်းဆုပေးပွဲတွင်၊မြန်မာ့
အလံကိုလွှင့်ထူပြီး၊မြန်မာနိုင်ငံတော်သီချင်းကိုဇာတိမာန်အပြည့်ဖြင့်သီဆိုနိင်ရန်မည်မျှပြင်ဆင်ထား
သည်ကိုတော့မိမိကိုယ်ကိုမိမိသေသေချာချာဆန်းစစ်သင့်ပါသည်။ယခုအချိန်သည်ဆီးဂိမ်းပြိုင်ပွဲကျင်း
ပရန်ရက်ပေါင်းသုံးရာသာလိုပါတော့သည်။ယခုမှထိုသို့ ဆန်းစစ်မည်ဆိုပါကမိုးလွန်မှထွန်ချသလိုဖြစ်
နေမည်ကိုလည်းစိုးရိမ်မိသော်လည်း၊ထိုအချိန်အတွင်းမိမိလုပ်နိုင်သည်ကိုအကောင်းဆုံးပြုလုပ်ကြရန်သာ

ရှိပါသည်။
2011-ခုနှစ် 26-ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင်နိုင်ငံအလိုက်ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သောစာရင်းမှာ
အောက်ပါအတိုင်းဖြစ်သည်။


ထိုနှစ်ကအင်ဒိုနီးရှားသည်အထက်တွင်တွေ့ မြင်ရသောစာရင်းအတိုင်း၊ရွှေတံဆိပ် 182-ခုဖြင့်နိုင်ငံ
အလိုက်ပထမနေရာရပ်တည်ကာ၊မြန်မာနိုင်ငံသည်ရွှေတံဆိပ် 16-ခုသာရရှိပြီးနိုင်ငံအလိုက်အဆင့်
ခုနှစ်နေရာဖြင့်သာကျေနပ်ခဲ့ရသော်လည်းယခုနှစ်တွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်သော
ကြောင့်၊ထိုနှစ်ကအိမ်ရှင်၊ချန်ပီယံဖြစ်သောအင်ဒိုနီးရှား၏စံချိန်ကိုချိုးနိုင်မှဖြစ်ပေတော့မည်။အရိုးသား
ဆုံးဝန်ခံရလျင်တော့မြန်မာအနေနှင့်အင်ဒိုနီးရှား၏စံချိန်ကိုချိုးနိုင်ဖို့ ဝေးစွ၊၄င်း၏အစွန်းထွက်ဖြစ်သော
ရွှေတံဆိပ်အခု 80-ရရန်အတွက်ပင်လျင်မြန်မာအားကစားသမားများအနေနှင့်မိမိလက်ရှိအနေ
အထားထက်ငါးဆလောက်ပိုမိုထူးချွန်လာမှသာဖြစ်နိုင်ပေမည်။သို့ မဟုတ်ပါကရွှေပြည်တော်မျှော်နေ
တိုင်းဝေးနေမည်သာဖြစ်သည်။
ကျွန်တော်သည်ကာယဗလအားကစားဆောင်းပါးရှင်၊နည်းပြဖြစ်သော်လည်းနယ်ပယ်အသီးသီးမှအား
ကစားသမားများအတွက်ရည်ရွယ်၍ဤဆောင်းပါးကိုရေးခြင်းဖြစ်သည်။ပထမဦးဆုံး၊ရိုးသားစွာဖြင့်
ကျွန်တော့်အမြင်ကိုပြောပြရလျင်ဤနှစ်ဆီးဂိမ်းသည်မြန်မာတို့ အတွက်အဆင့်အမြင့်ဆုံးမျှော်လင့်
နိုင်လျင်၊ကံကြမ္မာမျက်နှာသာပေးပါကအသင်းအလိုက်တတိယနေရာလောက်သာမျှော်မှန်းနိုင်ပေ
သည်။အကယ်၍ထို့ ထက်ပိုကောင်းသောအနာဂါတ်၊ပိုမိုတောက်ပသောအောင်မြင်မှုများကိုရယူလို
ပါကကျွန်တော်တို့ ဘာတွေပြုလုပ်သင့်သည်ကိုဆွေးနွေးကြည့်ကြပါစို့ ။




၁----အားကစားကိုပညာရပ်အဖြစ်သင်ကြားရန်

ကျွန်တော်တို့ နိုင်ငံတွင်အားကစားကိုအားမှသာကစားရသည့်အလုပ်ဟုလူအများကထင်မှတ်နေကြ
ပေသည်။အားကစား၏အရေးပါပုံ၊အကျိုးပြုပုံနှင့်အားကစားနည်းစနစ်များအကြောင်းကိုမူလတန်း
ကျောင်းများကတည်းကပင်ဘာသာရပ်တစ်ခုအနေနှင့်သင်ကြားပေးသင့်ပါသည်။အားကစားဝန်ကြီး
ဌာန၊ကျန်းမာရေးဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီးထိုအစီအစဉ်ကိုအထူးအမြန်
အကောင်အထည်ဖော်သင့်ပါသည်။အားကစားသမားဟောင်းကြီးတစ်ဦးက***ဟေ့ဒို့ မြန်မာ့လက်
ရွေးစင်အမျိုးသမီးအသင်းနှင့်ဂျပန်ကအလယ်တန်းကျောင်းသူလက်ရွေးစင်အသင်းတို့ ယှဉ်ကစားရင်
ဘယ်သူနိုင်မယ်ထင်သတုန်း။သူတို့ ဆီက၊ကလေးတွေကအသက်ငါးနှစ်အရွယ်ကတည်းကအားကစား
ကိုဘာသာရပ်အနေနှင့်သင်လာခဲ့ရတာကွ။အလယ်တန်းကျောင်းသူဆိုရင်ယေဘူယျအသက်ဆယ်နှ
နှစ်၊ပေါ့ကွာ၊ဒါဆိုသူတို့ ကစားသက်တမ်းကခုနှစ်နှစ်၊ဒို့ ဆီကအမျိုးသမီးလက်ရွေးစင်တွေအနေနှင့်
ကစားသက်အဲဒီလောက်ရှိသလား၊ဟိုကချာတိတ်တွေကိုယှဉ်နိုင်ပါ့မလား။မောင်ရင့်အမြင်ကိုပွင့်ပွင့်
လင်းလင်းပြောစမ်းပါကွာ***ဟုထောက်ပြဝေဖန်ဘူးပါသည်။ကမ္ဘာကျော်ဘောလုံးဘုရင်ဒေးဗစ်ဘက်
ခမ်း၊မိုက်ကယ်အိုဝင်အပါအ၀င်အခြားသောနာမည်ကျော်ဘောလုံးသမားများသည်ငယ်စဉ်ကတည်းက
ပင်အားကစားကိုဘာသာရပ်တစ်ခုအဖြစ်သင်ကြားခဲ့ကြခြင်း၏အကျိုးကျေးဇူးကြောင့်ယခုကဲ့သို့    အောင်မြင်လာကြခြင်းပင်ဖြစ်သည်။ကျွန်တော်တို့ ၏ရင်သွေးငယ်များကမ္ဘာကျော်ရေးသည်ကျွန်တော်
တို့ ၏ပျိုးထောင်မှုအပေါ်တွင်သာမူတည်သည်ကိုဂရုပြုကြပါ။

၂-----အရည်အချင်းရှိအားကစားနည်းပြများ
အားကစားကိုငယ်စဉ်ကသင်ပြပေးမည်ဟုရည်ရွယ်ပါလျင်၊ထိုသူငယ်များ၊မျိုးဆက်သစ်များကိုမည်
သို့ သောနည်းပြများဖြင့်ကြီးကြပ်ပဲ့ကိုင်မည်နည်း။ဆရာကောင်းတပည့်ပန်းကောင်းပန်နိုင်ရန်အတွက်
ဆရာကောင်းများကိုလည်းမွေးထုတ်ပေးရမည်ဖြစ်သည်။လက်ရှိအားကစားနယ်ပယ်အသီးသီးမှယေ
ဘူယျသောနည်းပြအများစုသည်1970-80လောက်မှသီအိုရီနည်းစနစ်များနှင့်သာကျေနပ်လျက်၊မျက်
မှောက်လောကကြီးကိုမေ့ထားကာမိမိထင်သလိုနေမည်ဆိုပါက၊၀ါးလုံးခေါင်းထဲလသာသလိုသာဖြစ်
နေပေတော့မည်။ထိုသူများအတွက်အရေးမကြီးသော်လည်း၊မျိုးဆက်သစ်များအသက်တမျှအရေးပါ
သည့်အချက်ဖြစ်သည်။လက်ရှိနည်းပြများတွင်လူငယ်များကိုဦးစားပေးလျက်၊နိုင်ငံခြားမှနည်းပြများ
ဌားရမ်းခြင်း၊ထိုလူငယ်များကိုနိုင်ငံခြားသားနည်းပြများထံလက်ထောက်ခန့် ခြင်း၊နည်းယူစေခြင်း
များအပြင်နိုင်ငံခြားအားကစားသိပ္ပံများတွင်အောင်လက်မှတ်ရသည်အထိစားရိတ်ပေးကာအွန်လိုင်း
မှမဆိုစာပေးစာယူစနစ်ဖြင့်သင်ကြားစေခြင်း၊မိမိစားရိတ်ဖြင့်တတ်နိုင်သူများကိုသက်ဆိုင်ရာအားက
စားအဖွဲ့ ချုပ်များ၏ပံ့ပိုးမှုများဖြင့်နိုင်ငံရပ်ခြားတွင်အားကစားနည်းစနစ်၊အာဟာရအကြောင်းများကို၊
သင်ယူစေသင့်ပါသည်။ထိုသူများပြန်လာပါကထိုသူများသင်ကြားတတ်မြောက်ခဲ့သောပညာရပ်များ
စာအုပ်စာပေများကိုမြန်မာဘာသာသို့ ပြန်ဆိုစေပြီးပြည်တွင်းတွင်သင်ရိုးအဖြစ်ပြဌာန်းပြီး၊မြန်မာလူ
ငယ်နည်းပြများကိုအဆင့်မှီမှီမွေးထုတ်ပေးနိုင်မည်ဖြစ်သည်။နိုင်ငံရပ်ခြားသို့ ပညာတော်သင်စေလွှတ်
သည်ဖြစ်စေ၊ထိုပညာရပ်များကိုအဖွဲ့ ချုပ်များ၏ပံ့ပိုးမှုများဖြင့်အွန်လိုင်းမှသင်ယူစေသည်ဖြစ်စေ၊လူရွေး
ရာတွင်လူကြီးများနှင့်ပါတ်သက်သူများ၊အကပ်ကောင်းသူများကိုရွေးချယ်မည့်အစား၊သက်ဆိုင်ရာအား
ကစားကိုအမှန်တကယ်ဝါသနာပါသော၊အရည်အချင်းရှိသောလူငယ်များကိုသာဦးစားပေးရွေးချယ်သင့်
ပါသည်။
၃---အရေအတွက်သည်အရေးပါ၏

မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင်အရေအတွက်သည်အဓိကမဟုတ်၊အရည်အချင်းသည်အဓိကဖြစ်
သည်ဟူသောဆိုရိုးသည်တွင်ကျယ်သော်လည်းယခုအားကစားနယ်ပယ်တွင်မူအရေအတွက်သည်အဓိ
ကဖြစ်သည်ဟုကျွန်တော်ဆိုချင်ပါသည်။မည်သည့်အားကစားမှရသည်ဖြစ်စေနိုင်ငံတော်အတွက်ရွှေ
သည်ရွှေသာဖြစ်သည်။ထို့ ကြောင့်ဘောလုံးအားကစားကဲ့သို့ သော၊အားကစားနည်းတစ်မျိုးလျင်
အားကစားသမားပေါင်းနှစ်ဆယ့်ငါးယောက်လောက်ကိုစခန်းသွင်းလေ့ကျင့်ပေးမှရသောရွှေတစ်ခုသည်
အားကစားသမားတစ်ဦးချင်း၊သို့ မဟုတ်အနည်းငယ်ကိုစခန်းသွင်းလေ့ကျင့်ပေးလျင်ရနိုင်သောရွှေနှင့်
အတူတူပင်ဖြစ်သည်။ဥပမာ-ကာယဗလ၊အလေးမ၊ရေကူး၊စက်ဘီး၊လက်ဝှေ့ ၊သေနတ်ပစ်၊ဂေါက်သီး
ရိုက်၊တင်းနစ်၊သံလုံးပစ်၊ပိုက်ကျော်ခြင်း၊စသောအားကစားနည်းများကိုပို၍ဦးစားပေးစခန်းသွင်းလေ့
ကျင့်ပေးသင့်ပါသည်။ထိုအားကစားနည်းများမှရရှိသောရွှေတံဆိပ်သည်လည်းနိုင်ငံတော်အတွက်အ
ဆင့်မှီရွှေတံဆိပ်တစ်ခုဖြစ်ပါသည်။ထို့ ကြောင့်ဘောလုံးကဲ့သို့ သောလူများသည့်အားကစားနည်းများ
တွင်ပုံအောသုံးမည့်နိုင်ငံတော်ဘတ်ဂျတ်ကိုအထက်တွင်တင်ပြခဲ့သောလူနည်းနည်းနှင့်ထိရောက်မည့်
အားစားနည်းများအတွက်လည်းသုံးသင့်ကြောင်းကိုတင်ပြလိုက်ရပါသည်။
၎----မီဒီယာ


အားကစားဝန်ကြီးဌာနမှစ၍အားကစားနည်းအသီးသီးမှအဖွဲ့ ချုပ်များသည်မိမိတို့ ကိုယ်ပိုင်ဝဘ်ဆိုက်
များလွှင့်တင်သင့်ပါသည်။သို့ မှသာဆိုင်ရာအားကစားနယ်ပယ်အသီးသီးမှဝါသနာရှင်များသည်၊လည်း
မျက်ခြေမပြတ်တိုးတက်ပြောင်းလဲမှုများကိုသိရှိနိုင်ကာ၊ကောမင့်ဖြင့်၎င်း၊အီးမေလ်းဖြင့်၎င်း၊အကြံပြုနိုင်
မည်ဖြစ်သည်။လက်ရှိပြည်တွင်းဈေးကွက်ရှိ၊အားကစားဂျာနယ်အားလုံးလိုလိုသည်ဘောလုံးအကြောင်း
ကိုသာအဓိကထားပြီးရေးသားတင်ဆက်နေမှုများကြောင့်အခြားသောအားကစားနည်းများကိုလူအများ
စိတ်ဝင်စားမှုလျော့ကျကာ၊လိုက်စားရကောင်းမှန်းမသိကြတော့ပေ။ရုပ်သံလိုင်းများအနေနှင့်လည်း
အားကစားချန်နယ်များကိုဖြည့်သွင်းပြီးစဉ်ဆက်မပြတ်တင်ဆက်ပေးသင့်သည်ဟုထင်ပါသည်။
၅---စပွန်ဆာ

ဤအကြောင်းကတော့ဘယ်လောက်ပြောပြောထူးမလာသည့်အပိုကိစ္စတစ်ခုလိုဖြစ်နေသည်မှာကြာ
ပါပြီ။မြန်မာပြည်တွင်လေကြောင်းလိုင်းများပိုင်ဆိုင်သော၊ဘဏ်လုပ်ငန်းများပိုင်ဆိုင်သော၊သံယံဇာတ
တူးဖော်ရေးလုပ်ငန်းများပိုင်ဆိုင်သော၊သွင်းကုန်ထုတ်ကုန်လုပ်ငန်းများစွာပိုင်ဆိုင်သော၊ဆောက်လုပ်
ရေးလုပ်ငန်းများကိုပိုင်ဆိုင်သောဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်ကြီးများရှိသော်လည်း၊ထိုသူများ၏
ပိုင်ဆိုင်မှုအရင်းအမြစ်အားလုံးသည်နိုင်ငံတော်နှင့်ပြည်သူများထံမှအကျိုးဖြစ်ထွန်းခံစားနေသည့်စီးပွား
ရေးလုပ်ငန်းများမှရရှိနေခြင်းဖြစ်သော်လည်း၊ထိုသူများထဲမှနိုင်ငံတော်၏ဂုဏ်သိက္ခာအတွက်အားက
စားအဖွဲ့ အစည်းများကိုစပွန်ဆာပေးထားသည့်သူများမရှိသလောက်ရှားနေသည်ကတော့ဝမ်းနည်းစ
ရာပင်ဖြစ်သည်။ထိုပုဂ္ဂိုလ်ကြီးများသည်မိမိတို့ ဖိုက်စတားအဆင့်ရှိကာဆီနိုဝိုင်းများတွင်တစ်ခါရှုံးသည့်
ငွေပမာဏလောက်သာမြန်မာ့အားကစားလောကအတွင်းသို့ ပံ့ပိုးကူညီလိုက်စမ်းပါ။ရလာဒ်များအဆ
ပေါင်းများစွာတိုးတက်ကောင်းမွန်လာမည်ကိုကျွန်တော်အသေအချာပြောရဲပါသည်။
၆---အားကစားသမားများပြုပြင်ရမည့်အချက်

                 
ကမ္ဘာကိုစိန်ခေါ်၍ပြောရဲပါသည်။မည်သည့်အားကစားနယ်ပယ်မှ၊မြန်မာ့လက်ရွေးစင်အားကစားသမား
မဆိုကြိုးစားလေ့ကျင့်မှုသည်ကမ္ဘာ့စံမှီသည်ဟုကျွန်တော်ပြောချင်ပါသည်။သို့ သော်ဝမ်းနည်းစရာ
ကောင်းသည်မှာ၊ထိုအားကစားသမားများကိုစနစ်တကျပဲ့ကိုင်ပြုပြင်ပေးနိုင်မည့်သူမရှိသလို၊အပြည့်အဝ
ထောက်ပံ့ပေးနိုင်သူလည်းမရှိသေးပေ။အားကစားသမားများသည်မိမိတို့ ၏ဘ၀တစ်ခုလုံးကိုအား
ကစားထဲနှစ်မြုပ်ထားနိုင်ရန်အတွက်မပူမပင်မကြောင့်မကြနေထိုင်အောင်ထောက်ပံ့ပေးမှသာမိသားစု
အပူကင်းလွတ်ပြီး၊နိုင်ငံတော်အတွက်အပြည့်အ၀ကြိုးစားနိုင်မည်ဟုထင်ပါသည်။အားကစားသမားများ
ဘက်မှလည်းလိုအပ်ချက်လေးများရှိပါသည်။မိမိတို့ အနေနှင့်အသိပညာတိုးပွားအောင်ကြံဆောင်ကြိုး
စားနိုင်ပါမှတိုးတက်နေသောကမ္ဘာနှင့်မျက်ခြေမပြတ်နေနိင်မည်ဖြစ်သည်။မိမိတို့ သိပြီးသမျှသောအ
သိပညာလေးများနှင့်ရောင့်ရဲတင်းတိမ်မနေသင့်ပါ။နောက်တစ်ချက်ကမိမိတို့ သိပြီးသမျှကိုလည်း၊
နောက်မျိုးဆက်များအပေါ်သို့အပြည့်အ၀အိတ်သွန်ဖာမှောက်ပြန်လည်ပို့ ချပေးကြပါ။မိမိကိုသွန်သင်
ညွှန်ကြားနိုင်မည့်သူပေါ်လာပါကလည်း၊ပုဂ္ဂိုလ်အစွဲ၊ကင်းကင်းဖြင့်လေးစားလိုက်နာသင့်ပါသည်။
***အောက်လမ်းဆရာကိုသရဲလာမခြောက်နှင့်***ဟုသောဂျစ်ကျကျစကားလုံးများဖြင့်တလွဲဆံပင်
ကောင်းမာနမျိုးမထားသင့်ပါ။မိမိဖြစ်ချင်သည့်ဆန္ဒထက်နိုင်ငံတော်၏မျက်နှာကိုကြည့်သင့်သည်မ
ဟုတ်ပါလား။

အထက်ပါအကြံပြုတင်ပြဆွေးနွေးချက်များသည်၊စာရေးသူ၏အမြင်၊ခံစားချက်များသာဖြစ်သည့်အ
တွက်၊စာရှုသူမိတ်ဆွေများဆွေးနွေးလိုသောအချက်များကို၊လည်းကောမင့်ဖြင့်ဆွေးနွေးနိုင်ပါသည်။
နိုင်ငံဂုဏ်တိုးတက်စေရေးအတွက်၊မြန်မာ့အားကစားတိုးတက်စေရန်မိတ်ဆွေများအနေနှင့်ဤဆောင်း
ပါးကိုတတ်နိုင်သမျှများများ Share လုပ်ပြီးဝိုင်းဝန်းဆွေးနွေးအကြံပြုကြပါဟုတိုက်တွန်းရင်း----
                                

                                    တင်ဆက်သူ---
                                    နိုင်ဦး---119
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com
www.myanmarfitness.com

No comments:

Post a Comment