arial" action="like" colorscheme="light">

Sunday, August 10, 2014

ခါးဆစ်ရိုး ထိခိုက်စေသည့် အမူအကျင့်များ

ခါးနာခြင်းဝေဒနာကို အရွယ်မရွေး ခံစားတတ်ကြပါတယ်။ ဒါကြောင့် ခါးဆစ်ကို ထိခိုက်စေနိုင်တဲ့ အမူအကျင့် များကို ဗဟုသုတအဖြစ် ဖော်ပြရင်း သတိထား ရှောင်ရှားစေချင်ပါတယ်။

၁) ထိုင်ခြင်းဟာ မတ်တတ်ရပ်ခြင်းထက် ခါးရိုးဆစ်အပေါ် ၄၀ ရာခိုင်နှုန်း ဖိအားပိုမိုသက်ရောက်ပါတယ်။ ဒါကြောင့် နာရီဝက်တိုင်းမှာ ခဏလောက် မတ်တတ်ရပ်ပေးပါ။ အညောင်းဆန့်ပေးပါ။

၂) လေ့ကျင့်ခန်းပြုလုပ်သူတွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ခါးနာလာတဲ့အခါ လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ရပ်ဆိုင်း တတ်ကြပါတယ်။ လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်း နဲ့ ယောဂလေ့ကျင့်ခြင်း စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးရင် ခါးနာရောဂါကို အမြန်သက်သာစေပါတယ်။ ဒီနေရာမှာ ဗဟုသုတပြောချင်တာက သင်ဟာ သင့် အလုပ်ကြောင့် တစ်နေ့ကို အချိန်များစွာ လမ်းလျှောက်ကောင်းလျှောက်ရပါလိမ့်မယ်။ ဒါဟာ လေ့ကျင့်ခန်း လုပ်တယ်လို့ ပြောလို့မရပါဘူး။ လမ်းလျှောက်လေ့ကျင့်ခန်းဆိုတာ လမ်းလျှောက်နေစဉ် ဗိုက်ကို ကြိုးစားချပ်ထားရ မယ်၊ အသက်ကို ပြင်းပြင်းထုတ် ပြင်းပြင်းရှူ နောက်ပြီး ခြေလှမ်းဟာ သွက်သွက် မှန်မှန်လေး ဖြစ်နေရပါမယ်။ ဒါပေမဲ့ အလုပ်ကြောင့် လမ်းလျှောက်ရတာကို သင်ဟာ အသုံးချတတ်ရင် ဒါဟာ သင့်အတွက် အချိန်သီးသန့် ပေးစရာမလိုတဲ့ လေ့ကျင့်ခန်းဖြစ်သွားပါပြီ။

၃) လေးလံတဲ့ အိတ်တွေကို လွယ်ခြင်း၊ ဆွဲခြင်း စသည့် အပြုအမူတွေဟာ ပုခုံးကို အနိမ့်အမြင့်မညီ ဖြစ်စေတာ ကြောင့် ခါးဆစ်ရိုးကို စောင်းစေပါတယ်။ ဒါကြောင့် သင်လွယ်မယ့် သင်ဆွဲမယ့်အိတ်တွေရဲ့ အလေးချိန်ဟာ သင့် ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းသာ ရှိသင့်ပါတယ်။

၎) ကျန်းမာရေးနဲ့ ညီညွှတ်အောင် အစာမစားတဲ့အခါ အ၀လွန်လာပြီး ခါးဆစ်ရိုးကို အားပြုရမှု လွန်ကဲလာကာ ခါးနာစေတတ်ပါတယ်။

၅) မွေ့ယာဟောင်းများ လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်အလေးချိန်ကို အပြည့်အ၀ ထောက်ပံ့မပေးနိုင်ဘဲ အိပ်ချိန်ကြာလာ တာနဲ့အမျှ ပျော့အိလာပြီး ကျောရိုးဆစ်ကို ကျွံဝင်သွားစေပါတယ်။ ဒါကြောင့် အများစုဟာ အိပ်ရာကနိုးလာတဲ့ အချိန်တွေမှာ ခါးနာဝေဒနာကို ခံစားရတတ်ပါတယ်။ ဒီလို မွေ့ယာကြောင့် ခါးနာခြင်း မဖြစ်ရအောင် မွေ့ယာဝယ် တဲ့အခါ ကောင်းတာလေးရွေးဝယ်ပါ။ အိလွန်တာ မ၀ယ်သင့်ပါဘူး။ အုန်းခွံနဲ့လုပ်ထားတဲ့ မွေ့ယာဟာ ခါးကို ဒုက္ခ မပေးပါဘူးလို့ သိရပါတယ်။ နာက်ပြီး သင့်မွေ့ယာကို အနည်းဆုံး ငါးနှစ်တစ်ကြိမ် လဲလှယ်သင့်ပါတယ်။

၆) ဒေါက်မြင့်ဖိနပ်အမြင့်စီးရင် ကျောရိုးကြွက်သားများ ပိုမိုပြီး အလုပ်လုပ်ရပါတယ်။ ခဏတာ စီးတာဟာ သိပ် ဒုက္ခမဖြစ်စေပေမဲ့ အချိန်တော်တော်ကြာဆို အဆင်မပြေပါဘူး။ လိုအပ်လာလို့ရှိရင်လည်း ဖနောင့်အောက်မှာ ကူရှင်ခံစီးပေးပါ။ ဒေါက်ဖိနပ်စီးပြီး လမ်းဝေးဝေးမလျှောက်ပါနဲ့။

၇) စိတ်ဆိုးခြင်း၊ စိတ်ဖိစီးခြင်းတွေကြောင့် ကျောကြွက်သားတွေကို တောင့်တင်းစေပါတယ်။ ဒါကြောင့် ဒေါသ လျှော့ပါ။ စိတ်ဖိစီးမှုကို လျှော့ပါ။

၈) တစ်ပတ်လျှင် ၁၅ နာရီခန့် တီဗွီကြည့်ခြင်းဟာ ခါးနာခြင်းကို သုံးဆ ပိုမိုဖြစ်ပွားစေပါတယ်။ ဒါကြောင့် တီဗွီ ကြည့်ချိန်ကို လျှော့ပါ။ ကြော်ငြာဝင်ချိန်မှာ အကြောဆန့်ပါ။

သင်ဟာ ခါးနာဝေဒနာခံစားနေရပြီဆိုရင် ဂရုမစိုက်ပဲမထားပါနဲ့။ အနည်းဆုံး အိမ်မှာ ဒဏ်ကြေဆေးတွေ လိမ်းပေးပါ။ ပိုပြီးကောင်းတာက တတ်သိတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပါ။ နောက်ထပ် အတွင်း ဒဏ်ရာဒဏ်ချက် တွေမဖြစ်ခင် ကုသမှုခံယူသင့်ပါတယ်။
တင်ဆက်သူ။ ။အောင်အောင်(လှိုင်)
email-aungaung.aung24@gmail.com

No comments:

Post a Comment