arial" action="like" colorscheme="light">

Tuesday, February 26, 2013

အိပ်စက်မှုကိုဘယ်တော့မှအကြွေးမတင်ပါစေနှင့်


ကျွန်တော်တို့ လူသားတွေ အတွက် တစ်နေ့တာပင်ပန်းနွမ်းနယ်သမျှကိုပိုက်ဆံမပေးရပဲ ပြန်လည်၍ အားအင် ဖြည့်ပေးသည့်အရာကို ပြပါဆိုလျင် အိပ်စက်ခြင်းပင် ဖြစ်လိမ့်မည်ဟု ကျွန်တော်ထင်မိပါသည်။ လူသားတိုင်းသည် တစ်နေ့တာလုံးသမုဒ္ဒရာ ၀မ်းတထွာ အတွက်  မိုးလင်းမိုးချုပ် နဖူးကချွေး ခြေမကျအောင် ရုန်းကန်လှုပ်ရှားနေရသူ ၊ ကိုယ့်ဘ၀ တိုးတက်လမ်းအတွက် ပညာရှာဖွေနေရသူ ၊ ဘ၀ကံ အကျိုးပေးကောင်း၍ စည်းစိမ်အပြည့်ဖြင့် ခမ်းခမ်းနားနားနေရသူ ၊ အနိမ့်ဆုံးအဆင့် သူတောင်းစားမှသည် တိုင်းပြည်အုပ်ချုပ်သူအထိဘယ်လိုပင် အဆင့်အတန်းတွေ ကွဲပြားနေပါစေအိပ်စက်ခြင်းဟူသည့် စည်းစိမ်ကိုတော့ လူသားတိုင်းပိုင်ဆိုင်နိုင်ခွင့်ရှိပါသည်။ထိုကဲ့သို့ လွယ်လွယ်ရ၍လည်း ကျွှန်တော်တို့သည် အိပ်စက်ခြင်းကိုဂရုမထားပဲအလွယ်တကူလက်လွတ်ဆုံးရှုံးခံဖို့ရာလူသားတိုင်း ၀န်မလေးတတ်ကြပေ။ ယနေ့အချိန်အခါကဲ့သို့ အဖက်ဖက်မှ မီဒီယာများအားကောင်းလာချိန်တွင်တော့ ကျွှန်တော်တို့ လူသားတွေ အတွက် ပို၍ပင် အိပ်ပျက်ညတွေများလာပါသည်။တစ်ခါတစ်ရံတွင် သိသိသာသာအိပ်ရေးပျက်သည့် ညများရှိသလိုတစ်ခါတစ်ရံတွင် မိမိအိပ်နေကျ အချိန်ထက်  တစ်နာရီ ၊ နှစ်နာရီခန့်နောက်ကျ၍ အိပ်ရာဝင်ခဲ့ရသည်များလည်း ကြုံတွေ့နိုင်ပါသည်။မိမိကိုယ်တိုင်ကထိုကဲ့သိုအိပ်ရေးပျက်မှုအပေါ် အမှုမဲ့ အမှတ်မဲ့ နေထိုင်ပေမယ့် ကွှန်တော်တို့ ကိုယ်ခန္ဓာ အတွင်းရှိလုပ်ဆောင်ချက်များသည် ကျွှန်တော်တို့ အနေအထိုင်မဆင်ခြင်မှု အပေါ်တွင် ဆိုးကျိုးများခံစားစေသည်။ တစ်နည်းအားဖြင့် အိပ်ရေးပျက်မှု ဧ။် နောက်ကွယ်တွင် အောက်ပါ ဆိုးကျိုးများခံစားရကြောင်းကိုလေ့လာသူအချို့က တင်ပြပေးထားသည်။
(၁)။ ရောဂါကာကွယ်မှု စွမ်းအားနည်းပါးလာခြင်း
    သင်သည် တစ်ညတာဧ။် အိပ်စက်မှုမှ အချိန်အနည်းငယ် လျှော့နည်းလာမှုသည်ပင် သင်ဧ။် ကိုယ်ခန္ဓာ အတွင်းမှ သွေးဖြူဆဲလ် အရေအတွက်ကိုနည်းပါးလာပြီးကိုယ်ခံစွမ်းအားကိုလျှော့နည်း လာစေသည်။လေ့လာမှု တစ်ခုအရ ကြွက်များကိုရှစ်နာရီခန့် မအိပ်စက်စေပဲ ခန္ဓာကိုယ်ကို ပြင်ပပစ္စည်းတစ်ခုနှင့်ထိတွေ့စေပါက ကြွက်များဧ။် တုံ့ပြန်မှုသည် အားနည်းနေကြောင်းလေ့လာမှု မှတွေ့ရှိခဲ့သည်။ ကျွှန်တော်တို့ လူသားများတွင်လည်းထိုအတူပင်ဖြစ်သည် အနည်းငယ်မျှ အိပ်ရေးပျက်ရုံနှင့် ကိုယ်ခံစွမ်းအားကိုနည်းပါးစေကာ သဘာဝ သတ်ဖြတ်ရေးသမားဆဲလ်များ(Natural Killer Cells ) ကိုထိခိုက်ပျက်စီးစေသည်။ လေ့လာမှု များအရနံနက် (၃)နာရီအထိမအိပ်စက်သူသည် နောက်တစ်နေ့တွင် NK ဆဲလ်အရေအတွက် (၃၀)ရာခိုင်နှုန်းခန့် နည်းပါးနေတတ်သည်။ အဆိုပါ ဆဲလ်များသည် ကိုယ်ခန္ဓာ အတွင်း ကျူမာအကြိတ် ဖြစ်ပွားမှု မှလည်းကာကွယ်ပေးသောကြောင့် ကင်ဆာရောဂါကိုမဖြစ်ပွားအောင် ကာကွယ်ပေးသည်။သီတင်း (၄) ပတ်ထက်ကျော်၍ အိပ်မပျော်သောနာတာရှည် အိပ်မပျော်သူနှင့် ပေါ့ပေါ့တန်တန် အိပ်ရေးပျက်ခံနေသူများသည် ဗိုင်းရပ်စ်ပိုးဝင်ခြင်း ၊ ဘက်တီးရီးယား ပိုးဝင်ခြင်း ၊ မှိုပိုးစွဲခြင်းတို့ကိုပိုမိုတွေ့ကြုံနိုင်ကြောင်း ၀ါရှင်တန်ပြည်နယ်မှ အာရုံကြောဇီဝဗေဒ ပညာရှင် ဒေါက်တာဂျိန်းခရူအီဂါ ကပြောကြားသည်။

(၂)။ အ၀လွန်စေသည်
    အိပ်ရေးပျက်ခြင်းသည် ကြီးထွားဟောမုန်းနှင့် လက်ပ်တင် ဓာတ်ကိုနည်းပါးစေသည်။ကြီးထွားဟော်မုန်းသည် ကာယဗလသမားများအတွက်သာမကသာမန် လူသားများအတွက်လည်းအလွန်အရေးပါသည်။ အဆီနှင့် ကြွက်သားများဧ။် အချိုးအစားကိုထိန်းချုပ်ပေးသည်။ လက်ပ်တင် ဓာတ်နည်းပါးမှုသည့် ဆာလောင်မွတ်သိပ်မှုကိုပေါ်ပေါက်စေပြီးအထူသဖြင့် ကစီဓာတ်ကိုဆာလောင်စေကာမည်မျှပင် ကစီဓာတ် စားသုံးစေကာမှု ထပ်မံတောင့်တစေသည်။ ဤသည်မှာ အ၀လွန်ခြင်းဧ။် အကြောင်းရင်းတစ်ခုထဲမှ တစ်ခု အပါအ၀င်လို့ထင်ပါသည်။ တစ်ညတာအိပ်ရေးပျက်ခံပြီးနောက်တစ်နေ့တွင် ကစီဓာတ်များကိုအဆမတန် စားသုံးခြင်းသည် အဆီကိုသိုလှောင်နေသည်နှင့် မခြားပေ။ထို့ကြောင့် အိပ်ရေးပျက်ခံခြင်းသည်လည်း အ၀လွန်ခြင်းကို ဖြစ်စေသည့် အကြောင်းများမှ တစ်ချက်အပါအ၀င်ဖြစ်သည်။
(၃)။ရင်သားကင်ဆာ
    ၂၀၀၁ ခုနှစ်တွင် ဖရတ်ဟတ်ချင်ဆန် ကင်ဆာသုတေသနဌာနနှင့် ဟားဗတ်ဆေးရုံတို့တွင် သုတေသီများဧ။် လေ့လာမှု တစ်ခုအရတစ်ပတ်လျှင် တစ်ညသို့မဟုတ် ထိုထက်ပို၍ အိပ်ရေးပျက်နေကြသည့် ညဆိုင်းဆင်းအလုပ်သမလေးများသည် ရင်သားကင်ဆာ အန္တရာယ်နှင့် ပိုမိုနီးစပ်နေသည်။ အိပ်စက်မှုမရှိသောတစ်ညစီအတွက် (၁၄) ရာခိုင်နှုန်းခန့် နီးစပ်နေသည်။ သူတို့ဧ။် လေ့လာမှု အရဦးနှောက်ဧ။် နေ့နှင့်ည နာရီအားဖရိုဖရဲ ဖြစ်စေခြင်းသည် ဟော်မုန်းဓာတ် များကိုဟန်ချက်ပျက်စေသည်။ ထို့အပြင် ညဘက် အလင်းရောင်နှင့် ထိတွေ့မှုများသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာပိုမိုဖြစ်စေသည်။
(၄)။ အစာအိမ်ပြဿနာများ
    ညဆိုင်းအလုပ်လုပ်ရသူများတွင် အဆိုပါ ပြဿနာများအပြင် အစာမကြေခြင်း ၊ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း ၊ လေပွခြင်းဗိုက်အောင့် ဗိုက်နာ ဖြစ်ခြင်းတို့သည် ပိုမိုဖြစ်ပွားလေ့ရှိသည်။ ညဆိုင်းအလုပ်သမားများသည် နေ့ဆိုင်းသများများထက် အစာလမ်းကြောင်းဆိုင်ရာ ပြဿနာ ၆ ဆခန့် ဖြစ်ပွားလေ့ရှိသည်။  ပုံမှန်မဟုတ်သောထမင်းစားချိန်များသည် စာကေဒီးယန်းနရီများ ( Circadian Rhythms) ဟုခေါ်သည့် အိပ်စက်မှုနှင့် နိုးထမှုသံသရာအားချိန်စက်ပေးသည့် ကိုယ်တွင်းနာရီနှင့် ချိန်သားမကိုက်ပေ။ ကိုယ်တွင်းနာရီသည် အစာချေအင်ဆိုင်းဓာတ်ကူပစ္စည်းများကို ၂၄ နာရီတွင် ပုံမှန် အချိန်တွင်သာထုတ်လွတ်ပေးသဖြင့် ညဘက်ပိုင်းအလုပ်လုပ်ပြီးအစားစားသည့် သူများတွင် အစာမကြေသဖြင့် အစာလမ်းကြောင်း ပြဿနာများပိုမိုဖြစ်ပွားရခြင်းဖြစ်သည်။

(၅)။ကော်တီဆော်လ် ဟော်မုန်းပိုထွက်ခြင်း
    ကော်တီဆောလ် ပမာဏမြင့်မားလာခြင်းသည် ကြွက်သားတိုးတက်မှု အပေါ် အနှောင့်အယှက် ဖြစ်စေသလိုအင်ဆူလင်ခုခံမှုနှင့် မှတ်ညဏ်လျော့နည်းလာစေသည်။အိပ်ရေးပျက်ခြင်းသည် သွေးထဲတွင် ကော်တီဆောလ် ဟော်မုန်းဓာတ်များစေသည်။
(၆)။အိုမင်းရင့်ရော်မှုကိုပိုစေသည်
    အိပ်စက်ချိန် လုံလောက်ပြည့်စုံမှုသည် အရေပြားအရေးအကြောင်းတွန့်မှုကိုလျော့နည်းစေပြီးအိပ်ရေးပျက်မှုမှ အရေပြားအက်ကြောင်းနှင့် အရေတွန့်ခြင်းကိုပိုမိုဖြစ်ပေါ်စေကြောင်းချီကာဂိုတက္ကသိုလ်မှ ပြုလုပ်သည့် လေ့လာမှုတွင် ဖော်ပြထားသည်။ အရွယ်ရောက်သူတိုင်းတွင် ကြီးထွားဟော်မုန်းသည် အိပ်စက်ချိန်တွင် ထုတ်လွတ်ပေးပြီးအဆိုပါ ကြီးထွားဟော်မုန်းသည် ဆဲလ်များကိုအသစ် ဖြစ်အောင် ပြန်လည် မွမ်းမံပေးသည်။ထိုကြောင့် အိပ်ရေးပျက်ခံခြင်းသည်လည်း ကြီးထွားဟော်မုန်းထုတ်လွတ်မှုကိုဆုံရှုံးစေပြီးအိုမင်းရင့်ရော်မှု ကိုစောစီးစွာ ဖြစ်ပေါ်စေသည် ဆိုပါကမှားမည်မထင်ပေ။
(၇)။ မောပန်းမှုနှင့် စိတ်ဓာတ်ကျမှု
    ပုံမှန် အိပ်စက်ချိန်ထက် (၃) နာရီခန့် လျော့နည်းနေသည့် စက်ဘီးစီးအားကစားသမားများကိုလေ့လာမှု အရ ပြင်သစ်သုတေသီတို့ကတွေ့ရှိခဲ့သည်မှာထိုသူတို့ဧ။် နှလုံးခုန်နှုန်းသည် ပိုမို မြင့်မားနေကြပြီးအောက်စီဂျင် ရယူနိုင်မှု စွမ်းအားလည်းကျဆင်းနေသည်။ ထိုသူတို့ဧ။် သွေးထဲရှိလက်တိတ်စ် ဓာတ်ပစ္စည်းများ ( ကြွက်သားအားအင်ကုန်ခန်းခြင်းခံစားမှု များအတွက် တာဝန်ရှိသော  ဓာတ်ပစ္စည်းများ) ကိုတိုင်းတာမှုများအရစက်ဘီးစီးသူများဧ။်  အိပ်ရေးပျက်ချိန်ကိုစုပေါင်းခြင်းသည် တစ်ညတာအိပ်စက်ချိန်နှင့် တူညီနေသည့်  အခြေအနေတွင် သူတို့ဧ။် အမောခံနိုင်စွမ်းအားသည် မူလကထက် ၁၁ ရာခိုင်နှုန်းအထိလျော့ကျနေသည် ကိုတွေ့ရှိခဲ့သည်။ အိပ်ရေးပျက် ညတွေများလာသူတစ်ယောက်သည် စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်လည်းအများနှင့်မတူပဲစိတ်ဓာတ်ကျလွယ်သည်။  ပိုမိုစိတ်တိုလေ့ရှိကြပြီးအခြားသူများအပေါ်တွင် လည်းအပြစ်မြင်စိတ်များပိုမို ဖြစ်ပွားလေ့ရှိသည်။ အိပ်ရေးပျက်ခြင်းသည် စဉ်းစားတွေးခေါ်နိုင်သည့် စွမ်းရည်နှင့် အရည်အသွေးတို့အပေါ်  တိုက်ရိုက် သက်ရောက်မှု များရှိနေသည်။ အိပ်ရေးပျက်ခြင်းသည် ရေတိုမှတ်ညဏ် ထိခိုက်မှု ကို ဖြစ်ပွားစေပြီးကျိုးကြောင်းဆီလျော်သောအတွေူးအခေါ် များနှင့် စဉ်းစားညဏ် နှင့် ညဏ် ရည် ကွန့်မြူးနိုင်မှု တွင်လည်းထိခိုက်စေသည်။ Sleep ဂျာနယ်တွင် ဖော်ပြ အစီရင်ခံမှုအရလေ့လာမှု တစ်ခုတွင် ဗြိတိသျှ သုတေသီဂျိန်းစ် ဟော်နီ က အစီရင်ခံခဲ့သည်မှာတစ်ညတာအိပ်ရေးပျက်ခြင်းသည်ပင် ကွဲလွဲသောစဉ်းစားတွေးခေါ်ခြင်းဆိုသည့်  ဖန်တီးတီထွင်နိုင်မှု စွမ်းအားကိုပျက်စီးစေသည် ဟု၍ ဖြစ်သည်။ ထို့ကြောင် ကျွှန်တော်တို့ သည် အိပ်ရေးပျက်ခြင်းကိုလွယ်လွယ်ကူကူနှင့် အမှုမဲ့ အမှတ်မဲ့ နေလိုက်ကြပေမယ့် ပြန်ရလိုက်သည့် ဆိုးကျိုးများသည် ကျွှန်တော် အခုတင်ပြ ထားသည့် အချက်များသာမကအခြားသောအကျိုးသက်ရောက်မှုများလည်းရှိနိုင်ပါသည်။ ကောင်းကျိုးတော့ မဟုတ်ပါ ဆိုးကျိုးများသာပင်ဖြစ်ပါသည်။ ကာယဗလအားကစားကိုလိုက်စားနေသူတစ်ယာက်အတွက် ဆိုရင်တော့ အိပ်စက်ချိန်သည် အကောင်းဆုံးသောပိုက်ဆံမပေးရသည့် ဖြည့်စွက်ဆေးဝါး တစ်ခုဆိုလျင် မမှားပေ။ ထို့ကြောင့် ကျွှန်တော်တ်ု့သည် အိပ်စက်ချိန်ကိုအကြွေးမတင်စေရန် အမြဲတမ်းဂရု ပြုသင့်သည်။ အိပ်စက်ချိန် အကြွေးတင်မှု များလာသောအခါ သင်သည် အောက်ပါ လက္ခဏာများကို ကြုံတွေ့ လာနိုင်သည် ။

(၁)။ အရာရာတွင်မေ့လျော့လာခြင်း
(၂)။စွမ်းအင် လျော့နည်းလာညသလိုခံစားရခြင်း
(၃)။ အရာရာတွင် အကောင်းမမြင်ပဲစိတ်တိုလွယ်လာခြင်း
(၄)။အအေးမိခြင်းနှင့် သာမန် မကျန်းမာမှုများမှ သက်သာပျောက်ကင်းရန် အချိန်ကြာလာခြင်းစသည့် တို့ကို ကြုံတွေ့လာနိုင်ပါတယ်။ သင်သည့် ယနေ့ ညတွင် အိပ်ရေးပျက်နိုင်မည် ဟု ကြိုတင် သိရှိပါကနေ့လည်ပိုင်းတွင် တရေးတမောအိပ်ခြင်းသည် သင့်အတွက် အထောက်အကူ ဖြစ်နိုင်သော်လည်းနေ့လည်ပိုင်းတွင် တရးတမောအိပ်ပြီး ည ဘက်တွင်လည်းပုံမှန် အိပ်စက်ပါကနေ့လည်ပိုင်းအိပ်စက်မှုသည် သင့်အတွက် အကျိုးမရှိပေ။ လွယ်လွယ်၇သည့် အရာကိုလွယ်လွယ်နှင့် တန်ဖိုးမထားတတ်ကြသည့်  အရာများတွင် အိပ်စက်မှုသည် လည်း အပါအ၀င်ဖြစ်သလိုလူသားတိုင်းသည်လည်းလွယ်လွယ်နှင့် အဆုံးရှုးခံနေကြသည် မှာယနေ့လိုမျိုးခေတ်မှီနည်းပညာများ ၊ ဖျော်ဖြေရေးမီဒီယာများ ၊ နိုက်ကလပ်များ ၊ ဘောလုံးပွဲများနှင့် အချိန်လွန်အထိဖွင့်သောဘီယာဆိုင်များကသက်သေပင်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ပြဿနာမဖြစ်သော်လည်းတစ်ရက်မှ တစ်လ ဖြစ်လာလျင် ကျန်းမားရေးအတွက် များစွာဆုတ်ယုတ်စေသည်။ ကာယဗလလေ့ကျင့်သူတစ်ယောက် ဖြစ်ပါကပို၍ပင် အိပ်စက်ချိန်ကိုဂရုစိုက်ရမည် ဖြစ်သည်။ ထိုအကြောင်းများကိုလည်း ကျွန်တော် တို့ လေ့လာမိသလောက် တင်ဆက် ရေးသားပေးပြီးသည်များရှိပါသည်။ ရှာဖွေ လေ့လာ နိုင်ပါသည်။ မြန်မာစကားပုံတစ်ခုကိုခှိုင်းနှိုင်းပြီးပြောရပါက   “အမေဘယ်လိုချော့သိပ်သိပ် ကိုယ်တိုင် အိပ်မှ အိပ်ပျော်မှာ” ဆိုသကဲ့သို့ပင်  ကျွှန်တော်တို့ ဘယ်လိုပင် အင်ဖော်မေးရှင်းများ ၊ အသိပညာများရေးသားနေစေကာမှု လွယ်လွယ်ရလွယ်လွယ်မှတ်ပြီးလွယ်လွယ် မမေ့လိုက်ပါနှင့်။  သင်ကိုယ်တိုင်ကလိုက်နာကျင့်သုံးမှ သင့်အတွက် အကျိုးရှိမည် ဇြစ်သည်။

တင်ဆက်သူ----အောင်အောင်
email-aungaung.aung24@gmail.com

2 comments:

  1. သိပ်ကို ဗဟုသုတ ၇စေတဲ့ ဆောင်းပါးတစ်ပုဒ်ပါ ကိုအောင်အောင် ဖေ့စ်ဘုတ်မှာ အကိုရဲ့ ဆောင်းပါး တွေ တင်ထားတာ လည်းဖတ်ရပါတယ်။ အမြဲတမ်း အားပေးလျက်ပါ။

    ReplyDelete
  2. အင်း ကောင်းတယ် ဗျာ ကိုအောင်အောင်ရေ....အမြဲအားပေးနေပါတယ်... ကိုအောင်အောင်ဆောင်းပါးထဲကလိုပါပဲ ... အမေဘယ်လောက်ချော့သိပ်သိပ် ကိုယ်တိုင်အိပ်မှ ပျော်ဆိုသလိုပဲ....ကျနော် ကိုယ်တိုင်လည်း လရောင်တွေကို အကြွေးတင်နေတာ များပြီ ဗျာ....ဒါကြောင့်မို့လည်း ပန်းတိုင်နဲ့ဝေးနေတာ.....ဒီနောက်ပိုင်းခေတ်ကလည်း အင်တာတိန်းမန့်တွေက များသကိုး....ကိုအောင်အောင်ဆောင်းပါးက ကာယဗလသမားတင်မက လူသာမန်တွေကိုပါ....ပညာပေးနေတာပါပဲ ... ကျေးဇူးတင်ပါတယ်....ကိုအောင်အောင်....ဆက်ကြိုးစားပေးပါ...

    ReplyDelete